top of page

စစ်ကောင်စီ၏ လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အသက်သေဆုံးမှုများပြားလာ

  • Writer: Pajau Media
    Pajau Media
  • Sep 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊စက်တင်ဘာ၊၂၀၂၄။




မြန်မာနိုင်ငံအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ပွဲ ဆင်နွဲလာပြီးနောက် စစ်ကောင်စီလက်လွှတ်ဆုံးရှုံးခဲ့သည့် တပ်စခန်းများပြားလာသောကြောင့် အဆိုပါတပ်စခန်းများကို ပြန်လည်ရယူနိုင်ရန် စစ်ကောင်စီမှ ရန်နိုင်မင်းစစ်ဆင်ရေးဖြင့် လေကြောင်းလိုင်းဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးရမ်းဖြင့် သော်လည်းကောင်း ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်လာခဲ့သည်။


စက်တင်ဘာ ၃ရက်နေ့တွင်လည်း လက်လွှတ်ဆုံးရှုံးခဲ့သည့် တပ်စခန်းများကို ပြန်လည်သိမ်းပိုက်ရယူနိုင်ရန် ထိုးစစ်ဆင်တိုက်ပွဲများ ပြန်လည်လုပ်ဆောင်လာမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ နေရာဒေသသို့ လေယာဉ်ဖြင့် ပြင်းပြင်းထန်ထန် ဗုံးကျဲတိုက်ခိုက်လာခဲ့ကြောင်း သိရသည်။


စက်တင်ဘာ၂၆ရက်နေ့ ယနေ့နံနက်၆နာရီအချိန်ခန့်တွင် ရက္ခိုင့်တပ်တော်( AA) မှ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည့် သံတွဲမြို့ရှိ စစ်ရှောင်စခန်းတစ်ခုကို ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် အရပ်သားပြည်သူ(၁၄)ဦး အသက်သေဆုံးခဲ့ပြီး၊ (၂၅)ဦးမှာ ပြင်းထန်ဒဏ်ရာ ထိခိုက်ရရှိထားကြောင်းနှင့် အသက်သေဆုံးသူ အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ အများစုဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီတပ်ဖွဲ့က ရန်သူနှင့် ပြည်သူဟူ၍ ခွဲခြားခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများလုပ်ဆောင်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဒေသများတွင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးသူ တစ်နေ့ထက်တစ်နေ့ များပြားလာကြောင်း သိရသည်။


လက်ရှိ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခမှ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေရချိန် တော်လှန်ရေးတပ်ဖွဲ့ နယ်မြေများသို့ စစ်တပ်က လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်နေသလို မြေပြင်မှာလည်း စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများ အစဉ်လုပ်ဆောင်နေသည်။


စက်တင်ဘာလဆန်းပိုင်းမှ စက်တင်ဘာ၂၆ရက်နေ့အထိ စစ်ကောင်စီမှ လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၃၈)ဦး အသက်သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူမှာ (၁၂၃)ဦး အထိ ရှိခဲ့ကြောင်းနှင့် စစ်တပ်မှ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရသည့် ဒေသများမှာ ရှမ်းမြောက်ဒေသမှ နောင်ချို၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ ကရင်နီပြည်ဒေသမှ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရခိုင်ပြည်နယ်မှ မောင်တောင်၊ ပေါက်တော၊ ကမ်းထောင်းကြီး၊ တောင်ကုတ်၊ သံတွဲနှင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း စသည့်ဒေသများ ဖြစ်ကြောင်း ဒေသသတင်းမီဒီယာများတွင် ဖော်ပြထားပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page