top of page

စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဆိုင်းတောင်ပြည်သူ (၁)ဦးသေဆုံးကာ၊ ကလေးငယ်အပါ (၅) ဦး ထပ်မံဒဏ်ရာရရှိ

  • Writer: Pajau Media
    Pajau Media
  • Aug 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ သြဂုတ်၊ ၂၀၂၅


ကချင်ပြည်နယ်၊ ဖားကန့် ဆိုင်းတောင် ဆုတောင်းကုန်းအနီးရှိ ဆိပ်မူ KBC ဘုရားကျောင်းဝင်းထဲသို့ ယမန်နေ့ သြဂုတ်လ ၇ ရက် ည (၉) နာရီကျော်ဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရကာ၊ သေဆုံးသူလည်းရှိကြောင်း သိရှိရသည်။


"ဆိုင်းတောင်ဆုတောင်းကုန်းထဲကျတာဆိုတော့ သေချာတယ် သူတို့တွေတမ​င်ကို ပြည်သူတွေကိုပစ်မှတ်ထားပြီး ပစ်နေတာပဲ။ ဘယ်အချိန်အထိဆက်ပစ်နေကြဦးမလဲမသိဘူး" ဟု ဖားကန့်ဒေသခံတစ်ဦးမှ ပြောသည်။


ထိုလက်နက်ကြီးမှာ ဖားကန့်ဗျူဟာကုန်းတွင်တပ်ထိုင်ထားသော စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးဖြစ်ကာ ဆိုင်းတောင်ဆိပ်မူရပ်ကွက်ရှိ ဆုတောင်းကုန်းအနီး ကချင်နှစ်ခြင်းခရစ်ယာန် (KBC) ဘုရားကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။


ထိုသို့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူအမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ (၅)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


ထို့အပြင် ၅ ရက်နေ့က ဖားကန့် စည်ပင်ကွက်သစ် ဧရိယာတွင် ကျရောက်ပေါက်ကွဲခဲ့သည့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိခဲ့သည့် ၉ တန်းအရွယ် ကျောင်းသူမှာ ဆေးကုသမှုခံယူနေစဥ်အတွင်း သေဆုံးသွားကြောင်း ထပ်မံသိရှိရသည်။


သတင်း_ အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page