top of page

စစ်ကောင်စီ လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် အရပ်သားထိခိုက်သေဆုံးပြီး၊ ခရစ်ယာန်ဘုရားကျောင်းတစ်ခုပျက်စီးဆုံးရှုံး

  • Writer: Pajau Media
    Pajau Media
  • Jun 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။





ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ၊ ခတ်ချိုကျေးရွာတွင် ယမန်နေ့ ဇွန်လ ၁၀ရက် ည၈နာရီအချိန်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


သေဆုံးခဲ့သူ အရပ်သားမှာ အသက်၂၆နှစ်အရွယ် အမျိုးသားဖြစ်ပြီး လက်နက်ကြီးစ ထိမှန်ပြီးနောက် ဝိုင်းမော်ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်တွင်သေဆုံးခဲ့ခြင်းဖြစ်သည်။


ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဝိုင်းမော်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသနေပြီး ၆ဦးအနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်နေကြောင်း ထပ်မံသိရသည်။


ဇွန်လ ၁၀ရက်နေ့ နံနက်ပိုင်းအချိန်က ခတ်ချို၊ နောင်စီပေါ စသည့် ရွာများမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ လက်နက်ကြီးများ ပစ်ကူခဲ့သည်ဟု ဆိုသည်။


အလားတူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လမြန်ကျေးရွာမှ ခါနန်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းကို ယမန်နေ့ ညနေ ၃နာရီ ၃၀မိနစ်အချိန်ခန့်တွင် စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်သောကြောင့် ဘုရားကျောင်းဆောင်အားလုံး ထိခိုက်ပျက်စီးခဲ့သေးသည်။


 လက်ရှိ ကချင်ပြည်နယ် ဝိုင်းမော်မြို့၊ မိုးမောက်မြို့နှင့် မံစီမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ နေ့စဉ်နေ့တိုင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page