top of page

စစ်ကောင်စီ၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပညာရေးကဏ္ဍမှ ဆရာ၊ဆရာမအပါအဝင်ကျောင်းသား/သူ (၅၀)ဦးခန့်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • May 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊မေလ၊၂၀၂၅။




ဇန္နဝါရီလ(၁)ရက်နေ့မှ မေလ(၂၁)ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပညာရေးကဏ္ဍမှ ဆရာ၊ဆရာမနှင့်ကျောင်းသား/သူ စုစုပေါင်း (၅၀)ဦး သေဆုံးခဲ့ပြီး၊ (၁၈)နှစ်အောက် ကလေးငယ် (၃၈)ဦး ပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။


ထိုသေဆုံးမှုထဲတွင် အမျိုးသမီး(၃၁)ဦးနှင့် အမျိုးသား(၁၈)ဦး ပါဝင်ခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၄၀)ဦးက အများဆုံးသေဆုံးခဲ့ရပြီး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၄)ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။


BNI-Myanmar Peace Monitor၏ မှတ်တမ်းအရ ဧပြီ(၂၃)ရက်မှ မေလ(၆)ရက်နေ့အထိ (၂)ပတ်တာအတွင်း ကချင်ပြည်နယ်တွင် အရပ်သားပြည်သူ (၃)ဦး သေဆုံးခဲ့ရပြီး၊ လေကြောင်းတိုက်ခိုက်မှု ၁ခုရှိကာ တိုက်ပွဲဖြစ်ပွားမှုပေါင်း ၁၁ခုရှိခဲ့သည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုပေါင်း အများဆုံးဒေသဖြစ်ခဲ့သည့်အပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ (၁၀၀၀)ခန့် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။


စစ်ကောင်စီ၏ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်နေမှုကို မရပ်တန့်နိုင်သေးသရွေ့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ စစ်ရှောင်စခန်းနှင့် ဆေးရုံ၊ဆေးပေးခန်းမှအစ ကျေးရွာ၊ရပ်ကွက်အဆုံး စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်များ ဖြစ်လာနေပြီဟု BNIက ထောက်ပြထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page