စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး ပြည်သူ့ကာကွယ်ရေးတပ်များ ရဲဘော်သစ်ခေါ်ယူနေ
- Pajau Media

- Feb 16, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

စစ်ကောင်စီတပ်မှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဉပဒေချမှတ်ပြီးနောက်ပိုင်း လူငယ်များအနေ ဖြင့် တော်လှန်ရေး အဖွဲ့တွေဆီ စာရင်းပေးတာတွေရှိလာနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးအင်အားစုများလည်း လူသစ်ခေါ်သည့် ထုတ်ပြန်ချက်စာစောင်များ တရားဝင် ထုတ်ပြန်လာကြသည်။
ယမန်နေ့ နံနက်၁၀နာရီတွင် မိုးညှင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်သစ်ခေါ်ယူရာတွင် ချမှတ်ထားသည့် စည်းကမ်းချက်များနဲ့အတူ လူသစ်ခေါ်ယူခြင်း စာတစ်စောင် ထုတ်ပြန်လိုက်သည်။
"ကျွန်တော်တို့ရဲ့ မိုးညှင်း K-PDF တပ်ရင်းမှာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ဖို့အတွက် ရဲဘော်သစ်များခေါ်ယူနေပြီ" ဟု K-PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဖေ့ဘုတ်ပေ့ စာမျက်နှာပေါ်တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင်ပါရှိသည့် စည်းကမ်းချက်များမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူ၊ ပညာရှင်ဖြစ်ပါက အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိသူဖြစ်ပြီး၊ ကျန်းမာရေးကောင်းမွန်သူ၊ တော်လှန်ရေးအတွက် စိတ်အားထက်သန်သူ၊ တော်လှန်ရေးပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်သူနှင့် မူးယစ်ဆေးဝါးမသုံးစွဲသူ စသည်ဖြင့် ချမှတ်ထားသည်။

အသက် ၁၈ နှစ်ပြည့်ပြီး စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေးအတွက် တော်လှန်လိုစိတ် ရှိသူများအား ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန် ရေးအင်အားစုများ ကြိုဆိုလျက်ရှိနေသည်ဟု ဆို သည်။
အလားတူ ရွှေကူ K-PDF တပ်ဖွဲ့များမှလည်း “အကြမ်းဖက် စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းလိုသည့် ပြည်သူ့သားကောင်း/ သမီးကောင်းများအနေဖြင့် ရွှေကူ K-PDF တပ်ရင်းသို့ ဆက်သွယ်၍ ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။”ဟု ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်ထဲမှာ တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် KIA (သို့) KIO (သို့) K-PDF ကဏ္ဍအသီးသီးတွင် ရွေးချယ်ဝင်ရောက်နိုင်ကြောင်း ပါရှိသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဉပဒေကို ပြဌာန်းလိုက်ပြီး၊ စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ဥပဒေတွင် အမျိုးသားများ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း နှင့် အမျိုးသမီးများ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းဆောင်ရမည်ဟုသတ်မှတ်ထားသည်။
သတင်း - ကချင်ပြည်သား




Comments