top of page

စစ်ကောင်စီ၏ အများပြည်သူဆိုင်ရာနေရာများကိုလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ မှ ၂၀၂၅ မတ်လအတွင်း ကလေးသူငယ်သေဆုံးမှု (၃၇၂)ဦးအထိရှိလာ

  • Writer: Pajau Media
    Pajau Media
  • Mar 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၈ရက်၊မတ်လ၊၂၀၂၅။



အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာန၏ မှတ်တမ်းတင်ထားချက်အရ ၂၀၂၃ခုနှစ်မှ ၂၀၂၅ခုနှစ် မတ်လ ၂၆ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုမှ အများပြည်သူဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် (၂၁၉၀)ကြိမ်ရှိခဲ့ပြီး ထိုထဲတွင် ကလေးငယ်သေဆုံးမှုမှာ (၃၇၂)ဦးထိ ရှိခဲ့ကြောင်း ယမန်နေ့ ၁၇ရက်နေ့တွင် ထုတ်ပြန်ထားသည်။


အများပြည်သူဆိုင်ရာနေရာများဖြစ်သည့် ဈေး၊ ကျောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အခြားဘာသာရေး အဆောက်အအုံများနှင့် ကျန်းမားရေးဆိုင်ရာ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်သည့် လုပ်ရပ်များအား အပြင်းအထန် ရှုံ့ချကြောင်း ဖော်ပြထားသည်။


ထို့သို့ လုပ်ရပ်များသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ(International Humnitarian Law)မှ တားမြစ်ထားသည့် အချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ပြီး၊ လက်နက်ကိုင်ပဍိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ်ပေးရမည့်အချက်ကို ဖောက်ဖျက်သည့်အပြင် ကလေးသူငယ်များအပေါ် ကြီးမားသည့် ကျူးလွန်မှု(၆)မျိုးတွင် ပါဝင်သည့် ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း စသည့်အချက်များကို ထင်ထင်ရှားရှား ကျူးလွန်ရာ‌ရောက်သည်ဟု ဆိုထားသည်။


ထိုသို့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားခြင်း စာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ရုံမက ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာ စံချိန်စံညွန်းများကို ပြင်းထန်စွာ ချိုးဖောက်နေသည့် စစ်ကောင်စီအား နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားနှင့် နိုင်ငံတကာ တရားစီရင်မှု ယန္တရာများမှ အမြန်ဆုံး တရားစီရင်ပေးရန်လည်း တိုက်တွန်းထားသည်။


ပြီးခဲ့သည့် မတ်လ ၁၄ရက်နေ့ ညနေပိုင်းအချိန်တွင် အကြမ်းဖက် စစ်အုပ်စုမှ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာမှ ဈေးကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် (၄)လသား ကလေးသူငယ် အပါအဝင် ကလေးသူငယ်ပေါင်း (၆)ဦးနှင့် အရပ်သားပြည်သူ (၂၁)ဦး အသက်ဆုံးရှုံးခဲ့ရသည်။


ထို့အပြင် မတ်လ ၁၆ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော်(၂)ပါး၊ အသက်၁၈နှစ်အောက် ကိုရင်(၅)ပါး၊ အရပ်သားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page