စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်တန်းရွာတွင် ခရီးသွား ပြည်သူများအား စစ်တပ်မှ သွားလာခွင့်ပိတ်ထား
- Pajau Media

- Feb 27, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ် အင်းတော်နှင့် ထီးချိုင့်-ရွှေဘိုလမ်းခွဲနေရာရှိ ကျောက်တန်းရွာတွင် စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် စစ်တပ်မှ ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း အင်းတော်မြို့ခံတစ်ဦးထံမှ သိရသည်။
"လမ်းပိတ်ထားတော့ မန္တလေးကနေ ရွှေဘိုထိဘဲရတယ်၊ မြစ်ကြီးနားကဆင်းလာရင် အင်းတော်ထိဘဲရတယ်၊ ကျောက်တန်းမှာ ပိတ်ထားတာ ၄ရက်ရှိပြီ၊ မန်းလေးဘဲပြန်ခေါက် ရမလားတောင်မသိတော့ဘူး" ဟု ရွှေဘိုတွင် လမ်းပိတ်မိနေသော ခရီးသွားပြည်သူတစ်ဦးက ယမန်နေ့က ပါဂျောင်မီဒီယာသို့ ဖြေဆိုထားသည်။
ကောလင်းမြို့နယ် ကျောက်တန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ခြင်းကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်နေ့မှစ၍ ယနေ့ ၂၇ရက်နေ့ထိ ၅ရက်တာကြာမြင့်လာသည်အထိ အင်းတော်နှင့် ထီးချိုင့်-ရွှေဘိုလမ်းခွဲနေရာဖြစ်သည့် ကျောက်တန်းရွာတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်။
"ကားသေးတွေကိုတော့ ဖြတ်ခိုင်းတယ်လို့ကြားတယ်၊ ဒါပေမယ့် အရမ်းစစ်တယ်၊ ပိုက်ဆံတောင်းတယ် ဒါမှဖြတ်ခိုင်းတာ၊ ဒါတောင် ကားတိုင်းဖြတ်ခိုင်းတာ မဟုတ်သေးဘူး၊ မသင်္ကာစရာတွေ့ရင်လဲဖမ်းတယ်” ဟု အင်းတော်ဒေသခံတစ်ဦးက ထပ်မံပြောသည်။
မန္တလေးဘက်မှ တက်လာသော ခရီးသည်ယာဉ်များမှာ ရွှေဘို၌ ပိတ်မိနေကြပြီး မြစ်ကြီးနားဘက်မှ ဆင်းလာသည့် ခရီးသည်ယာဉ်များသည်လည်း အင်းတော်၌ ပိတ်မိနေကြသည်ဟု ဆိုသည်။ ထို့အပြင် ဂိတ်ဖွင့်သည့်အချိန်ထိ မစောင့်ဆိုင်းနိုင်သည့် ခရီးသည်များမှာ ဒေသအခေါ် အရှေ့လမ်းဟုခေါ်သည့် မြတောင်လမ်းဘက်မှ သွားရကြောင်း ဆိုသည်။
“ပိတ်မိနေလို့အဆင်မပြေရင်တော့ အရှေ့လမ်းကသွားလို့ရတယ်၊ ဒေသအခေါ်အဝေါ်ကတော့ အရှေ့လမ်းပေါ့၊ မြတောင်လမ်းကိုပြောတာ၊ အရှေ့လမ်းကသွားရင်တော့ရတယ်၊ စစ်ဆေးရေးဂိတ်က ဆယ်ခုလောက်ရှိတယ်၊ တဂိတ်နဲ့တဂိတ်လဲသိပ်မဝေးဘူး၊ လက်နက်ကိုင်အစုံထိုင်တဲ့ဂိတ်တွေပေါ့၊ ဂိတ်ဖြတ်ခက မတရားတောင်းလို့ အရှေ့လမ်းကိုမသွားကြတာကြာပြီ"ဟု အထက်ပါအင်းတော်ဒေသခံက ဆက်ပြောသည်။
ထို့ကြောင့် ကျောက်တန်းလမ်းအား ရက်အကန့်အသတ်မရှိ ပိတ်ထားမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာပြီး စားဝတ်နေရေး အဆင်မပြေဖြစ်လာမည်ကို စိုးရိမ်နေကြပြီး၊ ယခင်လမ်းပိတ်သည့်အချိန်တွင်မှာလည်း မြို့နယ်အချို့တွင် ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုး ထိုးတက်လာခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ထို့ပေမယ့် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ မန်းလေး - မြစ်ကြီးနားလမ်းအား ပြန်လည်ဖွင့်ပေးလိုက်ကြောင်းကိုလဲ ပါဂျောင်မီဒီယာမှ လက်ခံကြားသိခဲ့ပါတယ်။
သတင်း - ကချင်ပြည်သား




Comments