top of page

စစ်ကော်မရှင် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့နယ်များပါဝင်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ ဩဂုတ်၊ ၂၀၂၅။


စစ်ကော်မရှင်မှ လာမည့် ဒီဇင်ဘာ၂၈ရက်တွင် စတင်ကျင်းပသွားမည့် မဲဆန္ဒနယ်မြေ သတ်မှတ်ရာတွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့များပါဝင်နေပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်(၆)ခုလည်း ပါဝင်နေသည်။


ရွေးကောက်ပွဲကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့နယ်များအပါအဝင် မြို့နယ်ပေါင်း (၃၃၀)တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)၊ ရောနောကိုယ်စားလှယ် အချိုးကျစနစ် (MMP)၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် မဲစနစ် (၃)မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။


ကချင်ပြည်နယ်မှ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ မံစီ၊ မိုးမောက်နှင့် အင်ဂျန်းယာန်မြို့နယ်များမှာ KIAမှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များဖြစ်ပြီး၊ တအောင်းတပ်မတော်(PSLF/TNLA )သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များ၊ ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားသည့် မြို့နယ်များနှင့် ‘ဝ’တပ်မတော် (UWSA) သိမ်းပိုက်ထားသည့် မြို့နယ်များလည်း ပါဝင်သည်ကို တွေ့ရသည်။


စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နှင့် ကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ (၃၃၀)ဖြစ်ပြီး၊ ရောနောထားသည့် ကိုယ်စားလှယ်အချိုးကျစနစ် (MMP)နှင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၈၄)နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR)မဲဆန္ဒနယ် (၂၆)နယ်၊ စုစုပေါင်း မဲဆန္ဒနယ် (၁၁၀)တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိမှာတော့ ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်းဒေသများမှာ စစ်ရေးတင်းမာကာ တိုက်ပွဲပြင်းထန်နေပြီး KIAပူးပေါင်းတပ်ဖွဲ့မှလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် အခြေအနေဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page