စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်လာသောကြောင့် ခရီးသွား ပြည်သူများ စိုရိမ်နေရ
- Pajau Media

- Dec 29, 2023
- 1 min read
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ တင်းကြပ်စွာ ပိုမိုလုပ်ဆောင်လာသောကြောင့် ခရီးသွားပြည်သူများ စိုးရိမ်ကြောက်လန့်မှုများဖြင့် ခရီးသွားလာနေရကြောင်း ဒေသခံပြည်သူများ ပြောပြချက်အရ သိရသည်။
မိသားစုအိမ်စီးကားဖြင့် မြစ်ကြီးနားမှ ဈေးဝယ်ပြီးအပြန် ဗလမင်းထင်စုပေါင်းဂိတ်တွင် ကိုယ်တိုင်စစ်ဆေးခံရသည့် အမည်မဖော်လိုသည့် အမျိုး သမီး တစ်ဦးမှလည်း သားနှင့်သမီး ကားပေါ်ပါလာသောကြောင့် ကလေးတွေကို တစ်ခုခုလုပ်မှာ အရမ်းစိုးရိမ်လိုက်ရတယ် ဟု ပြောပြသည်။
ဒီဇင်ဘာ (၂၁) ရက်နေ့ ညနေပိုင်းက ဗလမင်းထင်တံတား စုပေါင်းဂိတ်အား အမည်မသိ လက်နက်ကိုင်အချို့မှ ဝင်ရောက်ပစ်ခတ်ခဲ့ချိန်မှ စ၍ ယင်းတံတားတွင် ယခုအချိန်ထိ မှတ်ပုံတင်စစ်ဆေးခြင်း၊ tool box ဖွင့် စစ်ဆေးခြင်းတို့ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် တောင်ယာလုပ်ကိုင်သူ အမျိုးသားတစ်ဦးလည်း တောင်ယာမှ ဝိုင်းမော်အပြန် အောင်မြေ (၁) ပြည်သူ့စစ်ဂိတ်တွင် စစ်ဆေးခံခဲ့ရကြောင်း ပြော သည်။
၄င်းပြောပြချက်အရ စစ်ဆေးရာတွင် ဖုန်းစစ်ဆေးခြင်း၊ tool Box ဖွင့် စစ်ဆေးခြင်း၊ ဘယ်ကလာသလဲ၊ ဘယ်သွားမလဲ စသည့် မေးခွန်းများ စစ်ဆေးမေးမြန်းခြင်းအပြင် ဂိတ်စမှ ပေ(၅၀)ခန့် အကွာအဝေးအထိ ဆိုင်ကယ်မှ ဆင်းကာ လမ်းလျှောက်ပြီးတွန်းခိုင်းကြောင်း သိရသည်။
“ကုန်စည်တွေ တင်ထားတဲ့ ဆိုင်ကယ်ကို ကြောက်ကြောက်နဲ့ တွန်းရတာ အတော်စိတ်ပင်ပန်းတယ်၊ အိမ်ရောက်တဲ့အထိ ရင်တုန်နေတုန်းပဲ” ဟု အထက်ပါ ပုဣိုလ် မှ ပါဂျောင်မီဒီယာသို့ ပြောပြခဲ့သည်။
ဝိုင်းမော်မြို့တွင် ဗလမင်းထင်စုပေါင်းဂိတ်၊အောင်မြေ (၁) ပြည်သူ့စစ်ဂိတ်၊ အမှတ် (၃၂၁)ခြေလျှင်တပ်ရင်းဂိတ်၊ အမှတ် (၅၈) ခြေလျှင်တပ်ရင်းဂိတ်နှင့် ဝူယန် ပြည်သူ့စစ်ဂိတ် ဟူ၍ မြို့ဝင်၊မြို့ထွက်ဂိတ်များရှိသည့်အနက် အောင်မြေ (၁) ပြည်သူ့စစ်ဂိတ်နှင့် ဗလမင်းထင်ဂိတ်များတွင် ရှာဖွေစစ်ဆေးမှုများ တင်းကြပ်စွာ တိုးမြင့်လုပ်ဆောင်လာခြင်းကြောင့် ခရီးသွားပြည်သူများ စိုးရိမ်စိတ်များဖြင့် သွားလာနေရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသွားပြည်သူများ ပြောပြချက်အရ သိရသည်။
သတင်း - လေပြေ




Comments