စစ်တပ်ဂိတ်မှ ဆိုင်ကယ်၊ သုံးဘီးကအစ မြို့ဝင်ကြေးကောက်ခံနေ
- Pajau Media

- May 17
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ မေလ၊ ၂၀၂၆။

ပူတာအိုမြို့အဝင် စစ်တပ်နှင့် ပြည်သူ့စစ်ဂိတ်များတွင် မေလ ဒုတိယပတ်မှစ၍ မြို့ဝင်ကြေး စတင်ကောက်ခံနေပြီဖြစ်ကြောင်း သိရှိသည်။
ယခင်က ကုန်တင်ကားနှင့် ခရီးသည်ယာဉ်များအတွက်သာ ဂိတ်ကြေးပေးဆောင်ခဲ့ကြရသော်လည်း ယခုအချိန်တွင်မြို့ဝင်/ထွက် ယာဉ်ကြီး၊ ယာဉ်ငယ်အားလုံးကို ဂိတ်ကြေး အခွန်ကောက်ခံနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
"မေလဒုတိယအပတ်ကနေ မူလာရှီးဒီစုပေါင်းဂိတ်နဲ့ လေဆိပ်နားကမြို့အထွက် ပြည်သူ့စစ်ဂိတ်နှစ်ခုစလုံးမှာ ဂိတ်ကြေးစကောက်နေကြပြီ။ သုံးဘီး၊ ဆိုင်ကယ်၊ ယာဉ်အားလုံးပဲ တစ်ခါဖြတ်ခ ၂၄နာရီ ပြေစာတစ်ခုနဲ့ကျပ် ၁၀၀၀ ပေးဆောင်ရတယ်၊ အိမ်စီးကားဆို ကျပ်သုံးထောင်ကောက်ကြတယ်၊ မြို့အဝင်ရော၊ အထွက်ရောကောက်နေတာပဲ ဘာသဘောမှန်းတောင်နားမလည်ဘူး။"ဟုဒေသခံတစ်ဦးကဆိုသည်။
ယခုကဲ့သို့ မြို့အဝင်အထွက်ဂိတ်တွင် ဂိတ်ကြေးပေးဆောင်နေရပြီဖြစ်၍ မြို့ထဲသို့နေ့စဉ်အလုပ်သွားလာသူများအတွက် စိတ်အနှောက်အယှက်ဖြစ်ရကြောင်း သိရှိရသည်။
သတင်း- မလိခူး




Comments