top of page

စစ်တပ်၏ အကျဲစစ်ဆေးရေးဂိတ်တွင် ကားတစ်စီးလျှင် ရှစ်သိန်းနီးပါးအထိ တောင်းခံနေ

  • Writer: Pajau Media
    Pajau Media
  • Aug 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၈၊ ၈၊၂၀၂၄။



မြစ်ကြီးနားမြို့အပြင်ဘက်ရှိ အကျဲကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး၊ ဖြတ်သန်းလိုလျှင် ကျပ်ငွေများစွာ ပေးဆောင်ပြီးမှ ဖြတ်သန်းခွင့်ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


အကျဲစစ်ဆေးရေးဂိတ်တွင် ကုန်ကားများကို ဖြတ်သန်းခွင့် ပိတ်ထားပြီး၊ ဖြတ်သန်းလိုသည့် ကားများမှာ ကားတစ်စီးလျှင် ကျပ်ငွေခုနှစ်သိန်းမှ ရှစ်သိန်းအထိ ပေး‌ဆောင်ပြီး ဖြတ်သန်းရပြီး၊ ကားတွင် အတူလိုက်ပါစီးနင်းသည့် ခရီးသည်များကိုလည်း ကားမှဆင်းကာ ခြေကျင်ဖြင့် လမ်းလျှောက်ဖြတ်ခိုင်းသည်ဟု ဆိုသည်။


ကားဆရာတစ်ဦး ပြောဆိုချက်အရ ပြီးခဲ့သည့် ဩဂုတ်လ၂၅ရက်နေ့မှာတော့ ကားတစ်စီးလျှင် လေးသိန်းအထိသာ ပေးဆောင်ရပြီး၊ ၂၆ရက်နေ့အရောက်မှာတော့ သုံးသိန်းအထိတိုးကာ တောင်းခံလာသည်ဟု ဆိုသည်။


အကျဲစစ်ဆေးရေးဂိတ်တွင် ယခင်က ကျပ်ငွေများစွာ အတင်းအကြပ် ကောက်ခံခြင်းမျိုး မရှိဖူးသေးကြောင်းနှင့် ယခုရက်ပိုင်းမှ စတင်ကောက်ခံလာခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ငွေကြေးကောက်ခံနေသည်မှာလည်း ဆယ်ရက်နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လ၂၆ရက်နေ့တွင်လည်း အကျဲစစ်ဆေးရေးဂိတ်တွင် ဖြတ်လာသည့် ကားဆရာများ ၇ဦးထက်မနည်းကို စစ်တပ်မှ ကားအပါ ဖမ်းဆီးစစ်ဆေးထားကြောင်း သိရသည်။ ယင်းတို့အနက် အချို့ကို လွှတ်ပေးခဲ့ပေမယ့် အချို့ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဆိုသည်။


အကျဲကျေးရွာတွင် အခြေစိုက်သည့် စစ်တပ်၏ စစ်ဆေးရေးဂိတ်သည် ဖားကန့်၊မိုးညှင်း၊မိုးကောင်နှင့် မန္တလေးသွားသည့် ကားများအားလုံး ဖြတ်သန်းရသည့် ဂိတ်ဆုံတစ်ခုဖြစ်ပြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးဝန်းကျင်တွင် တည်ရှိသည့်ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page