top of page

စစ်ရှောင်ပြည်သူများကျန်ရစ်ခဲ့သည့် နေအိမ်နှင့်ဥစ္စာပစ္စည်းများကို စစ်ကောင်စီတပ်သားများမှဖောက်ထွင်းခိုးယူလျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 23, 2025
  • 1 min read

ပါဂျောင်မီီဒီယာ။

၂၃ရက်၊ဇန္နဝါရီ၊၂၀၂၅။




ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဝိုင်းမော်မြို့နှင့်ဗန်းမော်မြို့ ဒေသခံများ၏နေအိမ်များ ဗုံးကြဲတိုက်ခိုက်ခံရသည့်အပြင် နေအိမ်ဖောက်ထွင်းကာ တန်ဖိုးရှိ အိမ်တွင်းပစ္စည်းများ ခိုးယူခံနေရသည်ဟု ဒေသခံများက ပြောသည်။


ဗန်းမော်ဒေသမှ ပြည်သူအများအပြားသည် ဒီဇင်ဘာ ၄ရက်နေ့မှစ၍ ကိုယ်ထူကိုယ်ထ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး၊ ဝိုင်းမော်မြို့နယ်ရှိ မုတ်ကျိတ်၊လမြန်၊ဝူယန်စသည့် ကျေးရွာတစ်လျှောက်မှ ဒေသခံများမှာလည်း ၂၀၂၄ခုနှစ် မတ်လတိုက်ပွဲ စတင်လာကတည်းက ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။


အဆိုပါ စစ်ရှောင်များ ကျန်ရစ်ခဲ့သည့် အိုးခွက်၊ပန်ကန်၊စားပွဲမှအစ အိမ်တွင်းတန်ဖိုးရှိပစ္စည်းများကို စစ်ကောင်စီတပ်က ကားကြီး၊ကားငယ်များဖြင့် သယ်ယူနေကြပြီး၊ အိမ်ဖောက်ထွင်းခိုးယူနေကြကြောင်း သိရသည်။


ဝိုင်းမော်ဒေသမှ စစ်ရှောင်ပြည်သူများ၏ အိမ်တွင်းပစ္စည်း ခိုးယူခံရသည့်အပြင် လမ်းသွားလမ်းလာ ပြည်သူများကိုလည်း အချိန်အကန့်ဖြင့် သွားလာလှုပ်ရှားရန် လမ်းပိုင်းတစ်ချို့တွင် တပ်စခန်းချ ဂိတ်ထိုင်ကာ စစ်ဆေးမေးမြန်းခြင်းများလည်း လုပ်ဆောင်နေသည်။


အလားတူ ဗန်းမော်မြို့စစ်ဘေးရှောင်များ၏ နေအိမ်များမှာလည်း ဖောက်ထွင်းဖျက်ဆီးကာ ခိုးယူခံနေရပြီး အချို့နေအိမ်၊ ခြံဝင်းများကို ဖြိုချဖျက်ဆီးကာ တပ်စခန်းချ နေရာယူနေကြသည်ဟု ဆိုသည်။


လက်ရှိအချိန်အထိ ဗန်းမော်မြို့တွင် စကခ(၂၁)နှင့် ခလရ ၄၇တပ်စန်းများကို KIAပူးပေါင်းတပ်မှ ပိတ်ဆို့တိုက်ခိုက်နေသောကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး၊ ဝိုင်းမော်မြို့ရှိ (၅၈)တပ်ရင်းတစ်ဝိုက်တွင်လည်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page