top of page

စစ်ရေးတင်းမာနေဆဲဖြစ်သည့် ဆိုင်းတောင်ကျေးရွာတွင် စစ်တပ်ကလေကြောင်းဖြင့်ထပ်မံဗုံးကြဲသောကြောင့် တိမ်းရှောင်သူဒေသခံများပြားလာ

  • Writer: Pajau Media
    Pajau Media
  • Sep 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊စက်တင်ဘာလ၊၂၀၂၄။



KIA အမှတ်(၉)တပ်မဟာဒေသ ဖားကန့်-ဆိုင်းတောင်ကျေးရွာတွင် ယမန့်နေ့ စက်တင်ဘာ ၁၉ရက်နေ့ ညနေ ၂း၁၅မိနစ်ခန့်က စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


လေယာဉ်ဗုံးမှာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၃)နှင့် ကျောက်သွေးတောင်အနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားပြည်သူများ၏ နေအိမ် နှင့် အရပ်သားထိခိုက်မှုလည်း ရှိနေကြောင်း သိရသည်။


ဖားကန့်-ဆိုင်းတောင် တပ်မကုန်းတွင် အခြေချသည့် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး၊ ယင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆဘော့ကျေးရွာမှ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်လည်း ပျက်စီးခဲ့ရသည်။


ဆိုင်းတောင်ကျေးရွာတွင် စက်တင်ဘာလဆန်းပိုင်းမှစ၍ KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်အကြား နေ့စဉ်နေ့တိုင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၁၀ရက်ကျော်ကြာမြင့်လာပြီဖြစ်သည်။ ထို့ကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်သည့် ဆိုင်းတောင်ဒေသတွင် မြို့စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ များပြားလာသကဲ့သို့ ကုန်စုံဆိုင်အပါအဝင် အခြားဈေးဆိုင်များပါ ယာယီပိတ်ပင်သူများ လတ်တလောအလွန်များပြားလာကြောင်း ထပ်မံသိရသည်။


အလားတူ ယမန့်နေတစ်ရက်တည်းတွင် အမှတ်(၈)တပ်မဟာဒေသ ဇွပ်ရာကျေးရွာရှိ အထက်တန်းကျောင်းအနီးတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲချခဲ့သောကြောင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိ ဖားကန့်-ဆိုင်းတောင်ဒေသအပြင် မိုးမောက်၊ ဗန်းမော်၊ ရွှေကူနှင့် ချီ‌ဖွေဒေသများတွင် စစ်ကောင်စီ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲပြင်းထန်ကာ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page