top of page

စစ်ရေးတဖန်တင်းမာလာမှုများကြောင့် ဝိုင်းမော်-လမြန်သွားလမ်းကို ရက်အကန့်အသတ်မရှိ KIAမှပိတ်ပင်

  • Writer: Pajau Media
    Pajau Media
  • Jul 17, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊ဇူလိုင်လ၊၂၀၂၅။


လတ်တလော ဝိုင်းမော်ဒေသအတွင်း စစ်ရေးတစ်ဖန် တင်းမာလာသောကြောင့် ဝိုင်းမော်-မိုင်းနား-ဝါးရှောင်-၉မိုင် -နန်ဇော်ယန်-လမြန်သွားလမ်းကို ဇူလိုင်လ ၁၆ရက်နေ့ ကတည်းက KIAဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။


ဝိုင်းမော်-ဝူယန်လမ်းမကြီးကို စစ်ကောင်စီတပ်ဖွဲ့မှ ပိတ်ပင်လိုက်ပြီးနောက် ပြည်သူများ အဓိကသွားလာနေကြသည့်လမ်းကို လတ်တလော စစ်ရေးတင်းမာမှုကြောင့် ပြည်သူများ လုံခြုံရေးအတွက် ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။


ဝိုင်းမော်ဒေသအတွင်း စစ်ရေးတင်းမာလာသဖြင့် စစ်ရှောင်အများစုက နေရပ်ရင်းသို့ ပြန်လာနေကြချိန် လမ်းပိတ်ပင်လိုက်သောကြောင့် သွားလာရေးခက်ခဲသွားသော်လည်း စစ်ရေးအရ လုံခြုံရေးစိုးရိမ်ရသောကြောင့် ပိတ်ပင်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း စစ်ရှောင်တစ်ဦးက ပြောသည်။


“အဲဒီလမ်းက အရင်ကလဲ တိုက်ပွဲဖြစ်ရင် ပိတ်လိုက်၊ ဖွင့်လိုက်လုပ်နေကြတဲ့ လမ်းဟုတ်တယ်။ ဝိုင်းမော်လမ်းမကြီးပိတ်လိုက်ကတည်းက ဒီလမ်းကိုပဲ သွားကြတာ။ ပြောရမယ်ဆိုရင် လမ်းတစ်လျှောက် နှစ်ဖက်တပ်ဖွဲ့က ဂိတ်တွေအထိုင်ချပြီး စစ်ဆေးတာ၊ ဂိတ်ကြေးကောက်တာတွေ အရမ်းများတယ်လေ။ မိုင်းနားစစ်ရှောင်စခန်းအနီးထိပဲလေ။ အခုပိတ်တာကလဲ သိပ်မကြာလောက်ဘူး။ ဒီလမ်းသွားမရရင်လဲ တစ်ခြားလမ်းက ဖောက်လာလိမ့်မယ်။” ဟု မိုင်းနားစစ်ရှောင်တစ်ဦးက ပြောသည်။


လက်ရှိအချိန်ထိ စစ်ကောင်စီမှာ ဝိုင်းမော်-ဝူယန်-လမြန်ဘက်အခြမ်းသို့ နေ့စဉ်လေယာဉ်ဗုံး၊ဒရုန်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page