top of page

စစ်ရေးပြင်းထန်နေသည့် ဗန်းမော်ဒေသသို့ အစိုးရဝန်ထမ်း ခေါ်ယူစုဆောင်းရန် စစ်တပ်ပြင်ဆင်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ ဩဂုတ်၊ ၂၀၂၅။



ဗန်းမော်ဒေသအတွင်း နှစ်ဖက်တပ်ဖွဲ့မှ အပြင်းအထန် စစ်ရေးပြင်းထန်နေသော်လည်း စစ်ကောင်စီက ယင်းတို့လက်အောက်ရှိ အစိုးရတာဝန်ထမ်းဆောင်သူများကို ဗန်းမော်ဒေသို့ ခေါ်ယူရန် လုပ်ဆောင်နေကြောင်း အစိုးရဝန်ထမ်းများထံမှ သိရသည်။


“ဗန်းမော်ခရိုင်အတွင်းက အစိုးရဝန်ထမ်းတွေအားလုံးကို ခေါ်ယူဖို့လုပ်နေတယ်၊ တစ်သုတ်ပြီးတစ်သုတ် Helicoptarနဲ့ ပို့ဆောင်ပေးဖို့ စုစည်းနေကြတယ်။ တစ်ချို့က အပျော်ကြီးလိုက်ဖို့ လုပ်နေပေမယ့် တစ်ချို့က စိုးရိမ်နေကြတယ်။” ဟု အစိုးရပညာရေးရုံးဝန်ထမ်းတစ်ဦးက ပြောသည်။


ဗန်းမော်မြို့တွင် စကစ(၂၁)တပ်စခန်း ကျန်ရှိနေသေးသည့်အပြင် အဆိုပါတပ်စခန်းအတွင်း စစ်တပ်မိသားစုများ နေထိုင်ကြသေးသလို အစိုးရဝန်ထမ်းများကို ခေါ်ယူရာမှာလည်း ရွေးကောက်ပွဲအတွက် အဓိကရည်ရွယ်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။


“တကယ်ဆို ဗန်းမော်က တိုက်ပွဲနယ်မြေဖြစ်နေတာလေ။ နေ့ညလေယာဉ်တွေပစ်၊ လက်နက်ကြီးတွေပစ်လို့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ဝန်ထမ်းတွေကို ခေါ်ယူမယ်ဆိုတာက စဉ်းစားစရာပဲ။ လိုက်ရဲတဲ့သူတွေကလဲ သွားသေတာနဲ့ အတူတူပဲ။ ရွေးကောက်ပွဲလုပ်ချင်လို့ အဲနေ့ရာကနေ မဲကောက်ချင်တဲ့သဘောပဲ။” ဟု အထက်ပါက ဆက်ပြောသည်။


ဗန်းမော်ဒေသတွင် ယနေ့ ဩဂုတ် ၈ ရက် သတင်းရေးသားနေချိန်အထိ Y-12 လေယာဉ်ဖြင့် ဗုံးပစ်ခတ်နေဆဲဖြစ်ပြီး၊ ဗန်းမော်တက္ကသိုလ်နှင့် စကခ (၂၁)တပ်စခန်းသို့ စစ်သားအင်အား၊ အစားအသောက်များ လာရောက်ပို့ချပေးနေကြောင်းလည်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နေ့တွင်လည်း လေယာဉ်ဗုံး(၁၉)ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး၊ KIAပူးပေါင်းတပ်ဖွဲ့မှလည်း လက်နက်ကြီးများ ပြန်လည်ပစ်ခတ်ခဲ့ရာ (၂၁)တပ်စခန်းအတွင်းရှိ လက်နက်သိုလှောင်စခန်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။


တစ်ဖက်မှာလည်း ဝိုင်းမော်ဒေသကို စစ်ကောင်စီက ရွေးကောက်ပွဲမရောက်ခင် အရယူနိုင်ဖို့ လုပ်ဆောင်နေသည်ဟူသည့် သတင်းများ ထွက်ပေါ်နေပြီး၊ နေ့စဉ်နေ့တိုင်း လေယာဉ်၊ဒရုန်း၊လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page