top of page

စစ်ရေးလှုပ်ရှားမှုများကြောင့် တနိုင်းမြို့မှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ စာမေးပွဲပြန်လည်ဖြေဆိုရန် စိုးရိမ်နေရ

  • Writer: Pajau Media
    Pajau Media
  • May 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၅ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ တနိုင်းမြို့အနီးတစ်ဝိုက်တွင် စစ်ရေးအခြေအနေများ လှုပ်ရှားလာသဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ စာမေးပွဲပြန်လည်ဖြေဆိုရန် စိုးရိမ်နေရကြောင်း တနိုင်းမြို့ပညာရေးဝန်ထမ်းများထံမှ သိရသည်။


“ဒီမှာပဲ ဖြေမယ်ဆိုရင်လည်း ဒီကြားထဲ စစ်ဖြစ်လာမှာလဲ စိုးရိမ်ရလို့၊ ကလေးတွေကို မြစ်ကြီးနားမှာ သွားခေါ်ဖြေမယ်ဆိုရင်လည်း လမ်းမှာစကစရဲ့ စုဆောင်းရေးအရမ်းများတယ်။ စစ်ဆေးရေးတွေ အရမ်းများတယ်။ စာမေးပွဲဖြေမဲ့ကလေးတွေ ဟုတ်တယ်ပြောလည်း မရဘူး ပြန်ခေါက်လာရတယ်“ ဟု တနိုင်းမြို့မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။


စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် စာမေးပွဲဖြေဆိုနေစဉ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ရသောကြောင့် မြစ်ကြီးနားမြို့သို့ သွားရောက်ဖြေဆိုရန်သွားသော်လည်း လမ်းပိုင်းတွင်စစ်ကောင်စီတပ်ဖွဲ့များ၏ စုဆောင်းရေးနှင့် စစ်ဆေးရေးလုပ်ဆောင်ခြင်းများကြောင့် ပြန်ခေါက်ခဲ့ရကြောင်း သိရသည်။


ထို့ကြောင့် ကျောင်းသားများအား တနိုင်းမြို့တွင်သာ စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် ပြင်ဆင်နေကြပေမယ့် စစ်ရေးလှုပ်ရှားလာကာ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေရသည်ဟု ဆိုသည်။


မြန်မာနိုင်ငံတွင် မတ်လ၂၈ရက်နေ့က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မအဆောင်ပျက်ဆီးပြိုကျ မီးလောင်သွားခဲ့ရပြီး ကချင်ပြည်နယ် အပါအဝင် မန္တလေး၊စစ်ကိုင်းနှင့် နေပြည်တော်မှ G-12စာမေးပွဲဖြေဆိုထားးသည့် ကျောင်းသားများ၏ အဖြေလွှာ ၄သိန်းကျော် မီးလောင်သည့်ထဲ ပါသွားခဲ့ခြင်း ဖြစ်သည်။


ထို့ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ဇွန်လ၁၆ရက်နေ့မှ ၂၁ရက်နေ့အထိ သတ်မှတ်ထားသည့် အချိန်အတိုင်း ပြန်လည်ကျင်းပစစ်ဆေးမည်ဖြစ်သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page