စစ်သင်္ဘောများ ရောက်ရှိလာပြီးနောက် ဗန်းမော်တိုက်ပွဲ ပိုမိုပြင်းထန်
- Pajau Media

- Aug 7, 2025
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ ဩဂုတ်၊ ၂၀၂၅။
ဗန်းမော်ဒေသတွင် စစ်ကောင်စီစစ်သင်္ဘောများ ရောက်ရှိလာပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပိုမိုပြင်းထန်လာကြောင်း သိရသည်။
စစ်သားအင်အားနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်လာသည့် စစ်သင်္ဘောများ ရောက်ရှိလာချိန်မှစ၍ ယမန်နေ့ ဩဂုတ် ၆ ရက်နေ့အထိ KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီများ တိုက်ပွဲပိုမိုပြင်းထန်ကာ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဆိုသည်။
မန္တလေးဂေါဝန်ဆိပ်ကမ်းမှ ဆန်တက်လာခဲ့သည့် စစ်ကောင်စီ၏ စစ်သင်္ဘောများမှာ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ဗန်းမော်မြို့ကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်သင်္ဘောများ ရောက်ရှိလာပြီးနောက် ဗန်းမော်မြို့တွင် စစ်တပ်ဘက်မှ ဒရုန်းပိုမိုအသုံးပြုလာသဖြင့် နှစ်ဖက်တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။
ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်သင်္ဘောမှာ မြစ်ကြောင်းတစ်လျှောက် ထီးချိုင့်၊ ကသာ၊ရွှေကူမြို့တို့တွင် လက်နက်ရိက္ခာနှင့် လူအင်အားများကိုဖြည့်တင်းပေးနိုင်ခဲ့သည့်အပြင် ဗန်းမော်အကျဥ်းထောင်အတွက်ပါ စားနပ်ရိက္ခာ ပို့ပေးခဲ့သည်ဟုရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီက ဗန်းမော်လက်မလွတ်ရေး အမျိုးမျိုးခုခံ တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ KIA တပ်ဖွဲ့မှလည်း ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း










Comments