စစ်အင်အားအပြည့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်
- Pajau Media

- Feb 21, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၁ ရက်၊ ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်း၊ အင်းတော်ကြီးဒေသ နဘားလမ်းဆုံအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နေ့လည်တစ်နာရီခန့်၌ အင်းတော်ဖက်မှ စစ်အင်အားဖြည့်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ကားသုံးစီးအဖော်နဲ့ ထွက်လာတာ၊ ပထမဆုံးကားသမားက ကျွန်တော်တို့ကို ဖုန်းဆက်လာတယ်၊ သေနတ်သံတွေ ဆက်တိုက်ကြားရပြီး ရှေ့ဆက်မသွားဘဲ ရပ်ထားကြဖို့ အချင်းချင်းသတိပေးကြတယ်၊ တစ်နာရီကျော်လောက်အကြာမှာ ပစ်ခတ်သံတွေ ရပ်သွားတယ်” ဟု မန္တလေး-မြစ်ကြီးနားယာဉ် လိုင်းဆွဲသူ ကားသမားက ပြောသည်။
တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်းကိုလည်း “အရေးပေါ်ကားရဲ့ ဥဩဆွဲသံကြားရပြီး ဒါဏ်ရာရတဲ့ရဲဘော်ကို အဲ့ကားမှာတင်သွားတာကိုလဲ မြင်လိုက်တယ်" ဟု အထက်ပါ ကားဆရာက ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်မှာ တစ်နာရီခန့်ကြာမြင့်ပြီး အင်းတော်မှ မော်လူးကားလမ်းပိုင်းနှင့် မြစ်ကြီးနား- မန္တလေးသွား ပြည်ထောင်စုလမ်းအား ယာယီအဖြစ် နှစ်နာရီခန့်ကြာ ဖြတ်သန်းခွင့်ပိတ်ပင်ထားခဲ့သည်။
ထို့အပြင် မြစ်ကြီးနားဘက်မှ ဆင်းလာသည့် ကားများကိုလည်း ပင်ဝယ်ကျေးရွာတွင် ယာယီရပ်နားခိုင်းခဲ့ပြီးနောက် ၂ နာရီ ၄၀ မိနစ်အချိန်တွင် ကားအတက်အဆင်းအားလုံးကို ပြန်ဖွင့်ပေးခဲ့သည်ဟု ကားဆရာများက ပြောသည်။
နဘားရွာထဲတွင် စစ်ကောင်စီအင်အား ၂၀၀ကျော်အခြေချနေထိုင်ပြီး၊ နဘား၊ တာဘော၊ နတ်မဟုတ်၊ မိုးယူ၊ နားနောင်နှင့် ကျော်ရွာဖက်သို့ မကြာမကြာစစ်ကြောင်းထိုး ဝင်ရောက်လာကာ၊ တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲများ ထိန်းချုပ်ထားသည့် မော်လူးနယ်ကိုလည်း ပြန်လည်သိမ်းယူနိုင်ရန် ထိုးစစ်ဆင်မည်ဟု သတင်းများ ပြန့်နှံနေသည်ဟု ဆိုသည်။
သတင်း - ကချင်ပြည်သား




Comments