စတားလင့်အကောင့်များ စတင်ပျက်ကျ(Disabled)ဖြစ်လာသောကြောင့် ကချင်ပြည်သူများ စိုးရိမ်နေ
- Pajau Media

- Jul 8, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၈ရက်၊ဇူလိုင်လ၊၂၀၂၅။

ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံ ထား ရ သည့် ကချင်ပြည်နယ်တွင် starlink ဂြိုလ်တုအကောင့် lock ကျခြင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသောကြောင့် ဒေသခံပြည်သူများ အင်တာနက်အသုံးပြုရာတွင် အခက်အခဲများထပ်မံဖြစ်ပေါ်လာသည်ဟု မြစ်ကြီးနားဒေသခံများထံမှ သိရသည်။
“အရင်ဇွန်လကတည်းက စတားလင့်အကောင့်တွေက တစ်ခုပြီးတစ်ခု လော့ကျလာတာ။ နောက်လဲဆက်ပြီး လော့ကျအုံးမယ်လို့ထင်တယ်။ ဘာလို့ဆို စတားလင့်ကမြန်မာနိုင်ငံမှာဆို တရားမဝင်ဘူးလို့ ကြားသိရတယ်။ အခုစတားလင့်က လော့ကျလာတာဆိုတော့ ကျမတို့ ကချင်ပြည်နယ်မှာက အဆက်အသွယ်တွေ၊ အလုပ်လုပ်ရာတွေမှာ အရင်လိုပဲ ပြန်ဖြစ်လာမယ်လို့ ထင်တယ်။ အခုတောင် တစ်ချို့အင်တာနက်ဆိုင်တွေက စတင်ပိတ်ပင်လာပြီလေ။” ဟု မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံက စတားလင့်တရားဝင်ရရှိသည့်နိုင်ငံထဲ မပါသည့်အတွက် စတားလင့်၏ Teams of Serviceနှင့် Roaming Policyကို ချိုးဖောက်နေသည်ဟုသတ်မှတ်ကာ အကောင့်ပိတ်ခံရခြင်းဖြစ်သည်ဟု Internet ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ထို့ကြောင့် Starlink Support Ticketတင်ခြင်းအား ရှောင်ရန်နှင့် မြန်မာနိုင်ငံမှ စတားလင့်အသုံးပြုနေခြင်းသည် စတားလင့်၏ စည်းကမ်းချက်များကို တိုက်ရိုက်ချိုးဖောက်နေသောကြောင့် အကောင့်ပိတ်ခံရနိုင်ခြေ အလွန်မြင့်မားကြောင်းလည်းဆက်ပြောသည်။
“လိုင်းမရှင်းပေမဲ့ ဖုန်းအဆက်အသွယ်က နဲနဲအဆင်ပြေနေတဲ့အချိန် စတားလင့်အင်တာနက်လိုင်းတွေ ရနေလို့အလုပ်လုပ်တာကော၊ အဆက်အသွယ်လုပ်တာကောအဆင်ပြေနေတာကို အခုက စတားလင့်ပါ လော့ကျပြီး ပြန်ဆယ်မရဖြစ်လာတော့အရင်လို့ပဲ သတင်းအမှောင်ချခံ ပြန်ဖြစ်မှာကို စိုးရိမ်နေတာ။” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၂၁ရက်နေ့ကတည်းက ဖုန်းနှင့်အင်တာနက်လိုင်းအားလုံး ရုတ်တရက် ဖြတ်တောက်ခံခဲ့ရပြီး၊ ယခုလတွင် (၁)နှစ်ပြည့်လာပြီဖြစ်သည်။ ယင်းအချိန်မှစပြီး တစ်နာရီ(၃၀၀၀)ကျပ်မှစ၍ စတားလင့်အင်တာနက်ဆိုင်များ မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်လှစ်လာကာ လက်ရှိအချိန်ထိ ဆက်လက်အသုံးပြုလာခဲ့ကြကြောင်း သိရသည်။
သို့သော် (၁)နှစ်မပြည့်မှီ (၁)လအလိုကတည်းက မြန်မာနိုင်ငံတွင် စတားလင့်ဂြိုလ်တု တရားမဝင်သောကြောင့် စတားလင့်အကောင့်များ စတင်လော့ကျပျက်စီးလာသဖြင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ကချင်ပြည်သူများ စိုးရိမ်နေကြရခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - ထုဆိုင်း




Comments