top of page

ဆိုင်ခန်းနှင့်အိမ်ခန်း ငှားရမ်းခများ အဆမတန်တိုးမြှင့်လာခြင်းကြောင့် စစ်ရှောင်နေရသော ပြည်သူများအကြပ်တွေ့နေ

  • Writer: Pajau Media
    Pajau Media
  • Jan 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊ဇန္နဝါရီ၊၂၀၂၅။




ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့အပြင် မိုးညှင်းမြို့၊ မိုးကောင်းမြို့နှင့် အခြားမြို့များတွင် အိမ်ခန်းခ၊ ဆိုင်ခန်းခနှင့် လုံးချင်းအိမ် ငှားရမ်းခများ အဆမတန်မြင့်တက်လာသည်ဟု ဒေသခံပြည်သူများထံမှသိရသည်။


“နိုင်ငံရေးမကောင်းလို့ မြို့မှာလာပြီးငှားနေရတာ ကုန်ဈေးနှုန်းတွေလည်းတက် အိမ်ခန်းငှားခတွေကလည်းတက်တယ်။ အစလာငှားနေတဲ့ချိန်ဆို ၅သောင်းဘဲရှိတာ ခုဆိုအခန်းတစ်ခန်းကို ၅သောင်းနဲ့ မရတော့ဘူး။ ၈သောင်း ၁သိန်းလောက်ရှိနေပြီ။ မြို့နဲ့နီးလေ ဈေးများလေပဲ'' ဟု မြစ်ကြီးနားမြို့မှ အိမ်ငှားတစ်ဦးက ပြောသည်။


ယခင်က ၁၀ပေပတ်လည် အခန်းတစ်ခန်းကို ၅သောင်းကျော် ၆သောင်းဝန်းကျင်သာရှိပေမဲ့ လက်ရှိမှာတော့ ၈သောင်းနှင့် ၁သိန်းဝန်းကျင်ရှိလာသည့်အပြင် ဆိုင်ခန်းတစ်ခန်းလျှင် ယခင်၂သိန်းဝန်းကျင်ကို ယခု၃သိန်းအထက် ရှိနေပြီဟု ဆိုင်ခန်းငှားရမ်းသူများက ပြောသည်။


ထို့အပြင် နိုင်ငံတော်မှ အစိုးရဝန်ထမ်း လစာတိုးမြင့်ပေးနိုင်ခြင်းမရှိသောကြောင့် အခြေခံလူတန်းစားများအတွက် ခက်ခဲနေကြောင်းနှင့် လက်ရှိ ကုန်ဈေးနှူန်းအခြေအနေဖြင့် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။


“တစ်လတစ်လ ရတဲ့လစာကနည်းနည်းလေး၊ ဟိုကြေးဒီကြေးဆောင်ရတာနဲ့ အိမ်မှာက ပေးရမှာနဲ့ ကိုယ့်အသုံးစရိတ်တောင်မကျန်ဘူး။ အရေးထဲ ကုန်ဈေးနှုန်းတွေကလည်း တက်နေတော့ ပိုပြီးအဆင်မပြေဘူး'' ဟု ပြောသည်။


၂၀၂၄ခုနှစ် မတ်လ ၇ရက်နေ့က ပိုမိုအရှိန်တိုးစတင်လာသည့် KIAနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ ပြည်သူအများအပြား ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရာ ကျေးရွာအသီးသီးရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံခဲ့ကြပြီး၊ အချို့စစ်ရှောင်များမှာ မြို့ပေါ်တွင် အိမ်ခန်းငှားရမ်း နေထိုင်သူများလည်းရှိသည်။


ယင်းအချိန်မှစပြီး ကချင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် အိမ်ငှားခ၊ အခန်းငှားခ၊ ဆိုင်ခန်းခများ ဈေးအဆမတန် မြင့်တက်လာခဲ့ပြီး၊ ယခင်ဈေးထက် နှစ်ဆအထိ တက်သွားကြောင်း ဒေသခံပြည်သူများက ပြောသည်။


လက်ရှိဖြစ်ပွားနေသည့် နိုင်ံငံရေးပဠိပက္ခများကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများလည်း မြစ်ကြီးနားမြို့ အပါအဝင် လုံခြုံနေဆဲဖြစ်သည့် ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းနှင့် အခြားမြို့များတွင် လာရောက်တိမ်းရှောင်ပြီး ငှားရမ်းနေထိုင်သူ များပြားလာသောကြောင့် ယခုကဲ့သို့ ဈေးမြင့်တက်လာရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page