top of page

ဆိုင်းတောင်ကျေးရွာတွင် နှစ်ဖက်စစ်ရေး လှုပ်ရှားမှုများ တင်းမာနေ

  • Writer: Pajau Media
    Pajau Media
  • Jun 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ မကြာခဏရှိနေပြီး၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားကာ ထိခိုက်သေဆုံးသူ အများအပြားရှိနေကြောင်း သိရသည်။


ဇွန်လ၂၇ရက် နေ့ မွန်းလွှဲပိုင်းက ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာအနီး နှီးဘုရားကုန်းတွင် စစ်အင်အား ၃၀ခန့် ရှိသည့်စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းတပ်ဖွဲ့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှလည်း ဒရုန်းနှင့် နေရာအနှံ့ ကင်းလှည့်နေခဲ့သည်ဟု ဆိုသည်။


ထို့အပြင် ဇွန်လ၂၆ရက်နေ့မှာလည်း ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာ ရဲစခန်းကုန်းအား KIA/KPDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးကြီးနှင့် ရဲအရာရှိများအပါ ၁၂ဦးအထိသေဆုံးခဲ့ပြီး၊ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး ရဲနှင့်စစ်သားများ ပူးပေါင်းတပ်စွဲထားသည့် ဆိပ်မူရဲစခန်းကုန်းကို KIA က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


ဒေသခံများပြောပြချက်အရ ယခုရက်ပိုင်းအတွင်း ဆိုင်းတောင်ကျေးရွာထဲတွင် ဇွန်လ၂၅ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေခဲ့ပြီး၊ KIA ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည့်အပြင် စစ်ကူစစ်ကြောင်းထိုးမှုများ ရှိနေသောကြောင့် ပြည်သူများ သတိနှင့်နေထိုင်ကြရသည်ဟု ဆိုသည်။


ဆိုင်းတောင်ကျေးရွာတွင် နှစ်ဖက်စစ်တပ်မှ စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေသောကြောင့် ဆိုင်းတောင်ဒေသခံ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ မှော်ရှန်ကျေးရွာမှ နေအိမ်တစ်အိမ်မှာလည်း ကျရောက်ပေါက်ကွဲကာ ဒေသခံ၄ဦး ဒဏ်ရာခဲ့ကြောင်းနှင့် လုံးခင်းကျေးရွာမှ ကားဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page