top of page

ဆောင်းအကုန်နွေအကူးကာလရေခဲတောင်တက်ကြသည့်ရာသီဖြစ်သော်လည်း ပူတာအိုဒေသသို့ခရီးသွားများ လာရောက်လည်ပတ်ခြင်းမရှိ

  • Writer: Pajau Media
    Pajau Media
  • Mar 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၄ရက်၊မတ်လ၊၂၀၂၅။




ကချင်ပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ပူတာအို ရေခဲတောင်ဒေသတွင် ယခုနှစ်နွေရာသီအတွင်း ရေခဲတောင်သို့ အလည်အပတ်သွားရောက်လေ့လာသူများ မရှိသလောက် ရှားပါးလာသည်ဟု ရေခဲတောင်လမ်းပြလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။


"ဒီနှစ်ကတော့ အရင်နှစ်တွေထက် ပိုဆိုးသွားပြီ။ အလုပ်မဖြစ်တော့ဘူး၊ အရင်၂၀၂၄ခုနှစ်တုန်းကတောင်မှ လမ်းတွေပိတ်တာတောင် ရေခဲတောင်တက်တဲ့ ခရီးသွားတွေ အနည်းကျဉ်းရှိသေးတယ်၊ ဒီနှစ်ထဲမှာတော့ မရှိသလောက်ကို ရှားပါးသွားပြီ။” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။


မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ပူတာအိုရေခဲတောင်ဒေသသည် ဆောင်းအကုန် နွေဦးကာလမှစပြီး ရေခဲတောင်တက်ခရီးသွားများ စည်စည်ကားကား သွားရောက်လည်ပတ်ကြသည့် ဒေသတစ်ခုဖြစ်ခဲ့သည့်အပြင် ခရီးသွားများလာရောက်လည်ပတ်ရန် စိတ်ဝင်အစားဆုံး နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။


ဒေသခံများ ပြောဆိုချက်အရ ယခုနှစ်တွင် သွားရောက်လည်ပတ်သူ မရှိသလောက် ရှားပါးသွားသဖြင့် ရေခဲတောင်တက်လမ်းပြအဖြစ် လုပ်ကိုင်စားသောက်ကြသည့် အချို့ဒေသခံများအတွက် ဝင်ငွေလမ်းကြောင်း ပိတ်သွားသလို ဖြစ်စေသည်ဟု ဆိုသည်။


“နိုင်ငံရေးမကောင်းဘူးဆိုပေမယ့် ပူတာအိုဘက်ကိုတော့ လေကြောင်းလမ်းနဲ့ လွတ်လွတ်လပ်လပ် သွားလာလို့ရသေးတယ်လေ၊ ဒါပေမယ့် ကုန်ဈေးနှုန်းတွေက လုံးဝအကျဘက်မရှိဘူး။ မြင့်သထက်မြင့်နေတာကိုး။ အဲ့ဒါတွေကြောင့်လဲ ဖြစ်နိုင်တယ်" ဟု အထက်ပါ ဒေသခံမှဆက်ပြောသည်။


ယခင် Covid-19 နှင့် နိုင်ငံတော်အာဏာသိမ်းမှု မဖြစ်ခင်အချိန်အထိ ပူတာအိုဒေသသို့ ရေခဲတောင်တက် ခရီးသွားဧည့်သည်များ၊ပြည်တွင်းပြည်ပ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသူများနှင့် နွေရာသီရောက်ချိန်တွင် စည်ကားနေခဲ့သော်လည်း ယခုအချိန်တွင် အခြေအနေများ လုံးဝပြောင်းလဲသွားခဲ့ပြီဟု ဆိုသည်။


ပူတာအိုဒေသသို့ ခရီးသွားများ အများဆုံး သွားရောက်လည်ပတ်ကြသည့် ရေခဲတောင်၊နှင်းတောင်များမှာ ဖုန်ရင်၊ ဖုန်ကန်ရာဇီ၊ ရှန်းခေါင်ဒေသနှင့် ခါကာဘိုရာဇီရေခဲတောင် တစ်ကြောသို့ အများဆုံးသွားရောက်လည်ပတ်ကြကြောင်းသိရသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page