top of page

ဆီဘောက်ဆာကားများ အဝင်ရပ်သွားသောကြောင့် ဖားကန့်မြို့တွင်ဆီစျေးနှုန်းအဆမတန်မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Dec 4, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၄ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဆီဘောက်ဆာကားများ အဝင်မရှိခြင်းကြောင့် ဖားကန့်မြို့ပေါ်ရှိ ဆီပန့်ဆိုင်ကြီးများတွင် ပြည်သူများ မိမိစိတ်ကြိုက် ဝယ်ယူလို့မရတော့သည့်အပြင် အကန့််အသတ်ဖြင့်သာ ရောင်းပေးနေပြီး ဆီဈေးနှုန်းအဆမတန် မြင့်တက်နေခြင်းကြောင့် ပြည်သူများ အခက်အခဲ ကြုံနေရကြောင်း သိရသည်။


ဖားကန့်မြို့တွင် ဆီပြတ်လပ်နေသည့်အတွက် ကုမ္ပဏီဆိုက်အများစုပိတ်ထားရပြီး၊ ဆီရောင်းချလျှက်ရှိသည့် ဆိုင်များမှာလည်း စျေးနှုန်းအဆမတန်မြင့်တင်ရောင်းနေကြောင်းနှင့် ၁လီတာကို ၂၀၀၀၀ ကျပ်ဖြင့်ပေးဝယ်ရသလို၊တစ်ချို့နေရာများတွင် တစ်ဂါလံကို ကျပ် တစ်သိန်းထိဈေးပေါက်နေကြောင်း ဒေသခံများထံမှသိရသည်။


ဖားကန့်မြို့တွင် သာမန်လူတန်းစားအများစုမှာ ဆိုင်ကယ်ကိုသာအဓိကအသုံးပြု၍ သွားလာ၊လှုပ်ရှား၊ရောင်းဝယ်လုပ်ကိုင်စားသောက်နေရတာဖြစ်ပြီး ဆီပန့်ဆိုင်ကြီးများက တစ်ရက်ကို အကန့််အသတ်ဖြင့် မနက်ပိုင်းချိန်သာခဏဖွင့်ကာ ရောင်းပေးနေတာကြောင့် ပို၍အခက်အခဲဖြစ်နေကြောင်းသိရသည်။




ပြီးခဲ့သည့် နိုဝင်ဘာလ ကုန်ကတည်းက ဖားကန့်မြို့အတွင်းသို့ဆီကားများ အဝင်မရှိတော့ပေမဲ့လည်း ကျောက်စိမ်းတူးဖော်ခြင်းနှင့် မြေစာပစ်ကားများမှာ ပုံမှန်နီးပါးအတိုင်း လည်ပတ်နေဆဲဖြစ်သည်။ လက်ရှိ‌‌ဖားကန့်တွင် ဆီစျေးနှုန်းအပြင် အခြားကုန်စည်စျေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေတာကြောင့် သာမန်လူတန်းစားပြည်သူများမှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။


တိုက်ပွဲများကြောင့် မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်း ပိတ်ထားသည့်အပြင် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာလည်း ပိတ်ထားဆဲဖြစ်သည့်အတွက် ကချင်ပြည်နယ်အတွင်း စက်သုံးဆီအပါအဝင် အခြားကုန်ပစ္စည်းများ ပြတ်လပ်မှုဖြစ်ပေါ်နေလျှက်ရှိသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page