top of page

ဆွမ်ပီယာန်ကျေးရွာမှ အသက်၆၀အရွယ် အမျိုးသမီးတစ်ဦး ထွက်ပြေးတိမ်းရှောင်ရင်း ရေနစ်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • May 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ မေလ၊၂၀၂၄ခုနှစ်။




ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာမှ အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းမှ ထွက်ပြေးတိမ်း ရှောင်ရင်း အင်စီခချောင်းတွင် ရေနှစ်သေဆုံးခဲ့ကြောင်း သိရသည်။


ဆွမ်ပီယာန်ဒေသခံများမှာ ပြီးခဲ့သည့် ၁၂ရက်နေ့ကတည်းက တပ်မ(၈၈)မှ စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားလာသောကြောင့် ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ၊ အမျိုး သမီး (၅)ဦးမှာ စစ်ကောင်စီ၏ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ကြရသည်ဟု ဆိုသည်။


ယင်းအမျိုးသမီး (၅)ဦးတို့သည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်ပြီး ၂ရက်အကြာ မေလ ၁၄ရက်နေ့တွင် ရွာသို့ ပစ္စည်းယူရန် ပြန်လာချိန်တွင် စစ်တပ်မှ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။




ထို့နောက် မေလ ၁၅ရက်နေ့တွင် ယင်းအမျိုးသမီး(၅)ဦးတို့မှာ စစ်ကောင်စီဖမ်းဆီး ထိမ်းသိမ်းခြင်းမှ ခြေဦးတည့်ရာ ထွက်ပြေးလာချိန် အမျိုးသမီးတစ်ဦးမှာ အင်စီခချောင်းတွင် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။


"သူတို့ငါးဦးထဲက အသက်အကြီးဆုံး တစ်ယောက်ဟုတ်တယ်။ အသက်ခြောက်ဆယ် ကျော်မယ်ထင်တယ်၊ သူကအားမရှိတော့ ရေမကူးနိုင်ဘူးလေ။ သူတို့ငါးဦးကလည်း တစ်ယောက်တစ်ပေါက် ထွက်ပြေးကြတဲ့အချိန် အဲ့ဒီအဒေါ်ကြီးက အင်စီခချောင်းထဲ မျှောပါသွားတယ်လို့ပြောတယ်။ အခုထိ အလောင်းတောင် မကောက်သေးဘူးတဲ့။ စစ်တပ်ဘက်ကလည်း လိုက်လာမှာကြောက်တော့ ဘယ်သူမှ မရှာကြသေးဘူး" ဟု ပူတာအိုဒေသခံ ဘာသာရေးဆရာ တစ်ဦးက ပြောသည်။


ရေနစ်သေဆုံးခဲ့သူ အမျိုးသမီးမှာ အသက်၆၀ကျော်အရွယ်ရှိပြီဖြစ်၍ ထွက်ပြေးတိမ်းရှောင်သူ ၅ဦးထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။


လက်ရှိ ဆွမ်ပီယာန်ကျေးရွာတွင် ခ.လ.ရ(၄၆)၊ တပ်မ(၈၈)နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲနေထိုင်ကြပြီး၊ KIA/KPDF ပူးပေါင်းတပ်ဖွဲ့များနှင့်လည်း နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသဖြင့် အရပ်သား ဒေသခံများအားလုံး ထွက်ပြေးတိမ်းရှောင်နေရသည်မှာလည်း တစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page