top of page

ဆွမ်ပရာဘွမ်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲချမှု လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်ဒေသတွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကျဲချကာ မကြာခဏ လေယာဉ်များ ပျံဝဲနေသည်ဟု ဒေသခံများက ပြောသည်။


ယမန်နေ့ ဧပြီလ ၂၄ရက်နေ့ နေ့လည်၁နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်နှစ်စီးဖြင့် ဗုံး၄ကြိမ်ထက်မနည်း လာရောက်ပစ်ချခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။



စစ်ကောင်စီမှ လာရောက်ပစ်ချခဲ့သည့် ဗုံးများသည် ဆွမ်ပရာဘွမ်မှ ကက်သလစ်ဆုတောင်းတောင်တွင် ၂ကြိမ်ကျရောက်ခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် လက်ရှိ ဆွမ်ပရာဘွမ်ဒေသတွင် စစ်ကောင်စီ လေယာဉ်များ မကြာခဏ ပျံဝဲနေသည်ဟု ဆိုသည်။


ဆွမ်ပရာဘွမ်ဒေသတွင် ပြီးခဲ့သည့် မတ်လ ၈ရက်နေ့မှစ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး၊ ဆွမ်ပရာဘွမ်ဒေသ ပြည်သူအများစု ဘေးလွတ်ရာ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေခဲ့သည်မှာ နှစ်လနီးပါး ကြာမြင့်လာပြီ ဖြစ်သည်။


အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် စစ်လက်နက်ရိက္ခာများ သယ်ယူပို့ချမှုများ ရှိခဲ့သည်။


စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကျဲချကာ မကြာခဏ လေယာဉ်ပျံဝဲနေပြီး၊ KIA ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ဆွမ်ပရာဘွမ်ဒေသ ဝန်းကျင်အတွင်း နေရာယူထားကာ၊ နှစ်ဖက်တပ်ဖွဲ့မှ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်ကြောင်း ထပ်မံသိရသည်။


သတင်း - ဟူးကောင်း


Comments


Pajau Media

Thanks for subscribing!

bottom of page