ဆွမ်ပရာဘွမ်မြို့မှ ဗျူဟာကုန်းစခန်းသိမ်းပိုက်အပြီး ပူတာအို-ဆွမ်ပီယာန်ကြားရှိ ကားလမ်း စစ်ကောင်စီမှ ထပ်မံပိတ်ဆို့
- Pajau Media

- May 10, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊မေလ၊၂၀၂၄ခုနှစ်။

ကချင်လွတ်မြောက်ရေးတပ်(KIA/K-PDF) ပူးပေါင်းတပ်ဖွဲ့များမှ ဆွမ်ပရာဘွမ်မြို့မှ ဗျူဟာကုန်းစခန်းကို ပြီးခဲ့သည့် မေလ ၅ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယမန်နေ့ မေလ၉ရက်နေ့မှစတင်ကာ ပူတာအိုမှ ဆွမ်ပီယာန်ကြားရှိ လမ်းကို စစ်ကောင်စီမှ ထပ်မံပိတ်ဆို့လိုက်သည်ဟု ဒေသခံများက ပြောသည်။
ဆွမ်ပရာဘွမ်ဗျူဟာစခန်းကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်းတွင် ခ.လ.ရ (၄၆)တပ်ဖွဲ့တို့သည် မေလ၈ရက်နေ့ ည၁၁နာရီအချိန်ခန့်တွင် ပူတာအိုမှ လုံရှာယာန်ဘက်သို့ စစ်အင်အား (၁၀၀)ကျော်ဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မေလ၉ရက်နေ့မှာတော့ ခ.လ.ရ(၄၆)တပ်ဖွဲ့တို့သည် လုံရှာယာန်မှ တန်ဂျာကျေးရွာသို့ ထပ်မံ ရောက်ရှိလာပြီး ပိတ်ပင်ထားလိုက်သောကြောင့် ပြည်သူများ သွားလာ၍ မရတော့ဘူးဟု ဆိုသည်။
ဆွမ်ပီယာန်ကျေးရွာ ဒေသခံတစ်ဦးက မေလ၉ရက်နေ့မှစ၍ ပူတာအိုနှင့် ဆွမ်ပီယာန်ကျေးရွာအကြား ဖြတ်သွားဖြတ်လာ မရတော့ကြောင်းနှင့် ပူတာအိုမှ လုံရှာယာန်၊ တန်ဂျာကျေးရွာဘက်သို့ ဆန်၊ စပါးများ သယ်ဆောင်ခွင့်လည်း ပိတ်ပင်ထားခဲ့ပြီဟု ပြောသည်။
ထို့အပြင် ကချင်ပြည်နယ် အစိုးရမှ လယ်သမားများအတွက် ရောင်းချပေးမည်ဟု ပြောဆိုထားသည့် စက်သုံးဆီများလည်း သယ်ယူနိုင်ခွင့်မရှိတော့ကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံ ပြည်သူများမှာ စားဝတ်နေရေးအတွက် ခက်ခဲနေပြီး ယခုအချိန်ထိ လယ်သမားများ လုပ်ငန်းခွင်မဝင်နိုင်သေးဘူးဟု ဆိုသည်။
ပူတာအို-မြစ်ကြီးနား ကားလမ်းမှာ ပိတ်ထားဆဲ ဖြစ်သည့်အပြင် နှစ်ဖက်တပ်ဖွဲ့မှလည်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သောကြောင့် ဆွမ်ပရာဘွမ်နှင့် ပူတာအိုမြို့ရှိ ကျေးရွာ၊ ဒေသအသီးသီးမှ ပြည်သူများမှာ ပိုမိုကြပ်တည်း ခက်ခဲလာနိုင်ခြေရှိကြောင်း စိုးရိမ်နေကြရသည်ဟု ဆိုသည်။
သတင်း- မလိခူး




Comments