top of page

ဆန်၊စပါးစျေးနှုန်းကျဆင်းနေသော်လည်း ဝယ်ယူမည့်သူမရှိဖြစ်နေ

  • Writer: Pajau Media
    Pajau Media
  • Dec 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၄။




အင်းတော်ကြီးဒေသတွင် ကောက်‌ဟောင်းဆန်တစ်အိတ်ကို (၆၅၀၀၀)ကျပ်၊ ချင်းတုန်းကောက်သစ်တစ်အိတ်ကို (၃၅၀၀၀)ကျပ်အထိ ဈေးနှုန်းကျဆင်း‌နေပေမယ့် ဝယ်ယူသူမရှိဖြစ်နေကြောင်း တောင်သူများထံမှသိရသည်။


" အခုက ချင်းတုန်းကောက်သစ်တစ်အိတ်ကို ငွေကျပ်(၃၅၀၀၀)ဘဲရှိတယ်၊ကောက်ဟောင်းဆန်တအိတ်ကို(၆၅၀၀၀)ဘဲရှိတယ်၊ ဒါတောင်ဝယ်မဲ့သူမရှိဘူး ၊ လယ်စိုက်စားရိတ်ကကြီး တော့ ချေးငှားပြီးလယ်လုပ်ထားရတာတွေ စပါးပေါ်ချိန်မှာ အကြွေးပြန်ဆပ်နိုင်ပြီးအဆင်ပြေနိုင်မယ်လို့ ထင်ထားတာ ၊ ခုလိုဆန်ဈေး၊စပါးဈေးကျတော့ မှန်းချက်နဲ့နှမ်းထွက်နဲ့မကိုက်‌တော့ငုတ်တုတ်မေ့ပြီ‌ပေါ့၊လယ်လုပ်ရတာ စိတ်တောင်ကုန်လာပြီ၊"လို့ မိုင်းနောင်မှတောင်သူတစ်ဦးကပြောသည်။


ပြီးခဲ့သည့်နှစ်က ချင်းတုန်းကောက်သစ်ဆန်တစ်တင်းကို ကျပ်ငွေ (၁၄၀၀၀) စျေးရရှိခဲ့ပေမယ့် ယခုနှစ်တွင် ကောက်သစ်စပါးတစ်တင်းကို (၈၀၀၀)ကျပ်သာပေါက်ဈေးရှိ‌နေကြောင်းသိရသည်။ နယ်မြေမအေးချမ်းခြင်းကြောင့် စပါးဝယ်သည့်ကုန်သည်များ ဝင်ရောက်လာခြင်းမရှိတော့ပဲ ပြီးခဲ့သည့်နှစ်က စပါးဝယ်လှောင်ထားသူများမှာလည်း စပါးဈေးမကောင်း၍ အဆင်မပြေဖြစ်နေကြောင်း စပါးကုန်သည်တစ်ဦးထံမှသိရသည်။


စပါးရိတ်သိမ်းနိုင်ရန် ဟိုပင်ဖက်မှရိတ်သိမ်းစက်များငှားရမ်းပေမယ့်လည်း နယ်မြေမအေးချမ်းခြင်းကြောင့်ဝင်ရောက်ရန်မလွယ်ကူပဲ စပါးရိတ်သိမ်းခြင်းနောက်ကျပြီး စပါးအထွက်လျော့ကျခြင်းများရှိနေသည်။ ကိုယ်ပိုင်စပါးရိတ်ချွေစက်ရှိသည့် တောင်သူများပင်လျှင် စက်သုံးဆီဈေးမြင့်တက်ခြင်းကြောင့် စပါးအထွက်နှုန်းနှင့်ပြန်တွက်ကြည့်လျှင် အရှုံးပေါ်နေကြောင်း မိုင်းနောင်မှတောင်သူကပြောသည်။


တရုတ်နယ်စပ်ဂိတ်များပုံမှန်မလည်ပတ်သေးသဖြင့် စပါးဝယ်သည့်ကုန်သည်များ အင်းတော်ကြီးဒေသသို့ လာရောက်ခြင်းမရှိသောကြောင့် ဆန်၊စပါးဈေးနှုန်းကျခြင်းဖြစ်နိုင်သည်ဟု တောင်သူများကပြောဆိုနေကြသည်။ မိုးညှင်းမြို့ပေါ်တွင် ချင်းတုန်းဆန် ကောက်ဟောင်းတစ်အိတ်ကို (၈၀၀၀၀)ကျပ်ဖြင့်သာ ရောင်းဝယ်နေကြကြောင်းသိရသည်။


ယခုနှစ်တွင် အင်းတော်ကြီးဒေသရှိ ချောင်းဝ၊လုံးစန့်ရွာသစ်မှ စပါးစိုက်ခင်းနှင့်ပဲစိုက်ခင်းတော်တော်များများမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသီးထိမှန်ကာ စပါးတစ်စိမှမရလိုက်သော တောင်များလည်း ရှိကြကြောင်းသိရှိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page