top of page

ဆယ်လဝန်းကျင်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့သူ အမျိုုးသမီး (၂၃၀)ဦးအထိရှိကြောင်း AAPP ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Oct 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊အောက်တိုဘာ၊၂၀၂၄။





တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုနှစ် ဇန္နဝါရီလဆန်းတစ်ရက်နေ့မှ အောက်တိုဘာ၁၆ရက်နေ့အထိ လက်နက်ထိမှန်သေဆုံးခဲ့သည့် အမျိုးသမီးပေါင်း (၂၃၀)ဦးအထိ ရှိခဲ့ပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။


လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် အမျိုးသမီးများတွင် အသက်၁၈နှစ်အောက် အမျိုးသမီး(၃၀)ဦးအထိ ပါဝင်နေပြီး၊ အမျိုးသမီးသေဆုံးမှု အများဆုံးဒေသမှာ စစ်ကိုင်းတိုင်းဒေသနှင့် ရခိုင်ပြည်နယ် ဖြစ်ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသတွင် (၆၄)ဦးဖြင့် သေဆုံးမှုအများဆုံး ဒေသဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် (၄၆)ဦးဖြင့် ဒုတိယအများဆုံးဒေသအဖြစ် တွေ့ရသည်။


စစ်ကောင်စီတပ်ဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တည်ရှိသည့် နေရာဒေသများတွင် လက်နက်ကြီးဖြင့် သော်လည်းကောင်း၊ လေကြောင်းမှ လေယာဉ်ဗုံးဖြင့် သော်လည်းကောင်း ရမ်းသမ်းပစ်ခတ်မှုများ နေ့စဉ်လုပ်ဆောင်ခဲ့သဖြင့် ရန်သူမဟုတ်သည့် အပြစ်မဲ့အရပ်သား ပြည်သူများအထိပါ အသက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ အောက်တိုဘာ၁၆ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသည့် အရပ်သားပြည်သူပေါင်း (၅၈၅၁)ဦးအထိ ရှိသည့်အနက် အမျိုးသမီးသေဆုံးမှုမှာ (၁၂၃၆)ဦး ပါဝင်နေသည်ဟု သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page