ညောင်ကိုင်းကျေးရွာတွင် မှိုရှာသွားသည့် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး
- Pajau Media

- May 30, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၃၀ရက်၊မေလ၊၂၀၂၅။

မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် အသက် ၅၀ အရွယ် ဒေါ်ကြည်ဆန်းဆိုသူက မှိုရှာသွားရင်း မြေမြုပ်မိုင်းနင်းမိသောကြောင့် ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ပြတ်သွားကြောင်း ဒေသခံများမှ သတင်းပေးပို့လာသည်။
"ခုကာလက မှိုပေါချိန်လဲဖြစ်၊ မှိုကလဲဈေးကောင်းရဆိုတော့ တောသူတောင်သားတို့သဘာဝ ရာသီပေါ်စာတွေရှာပြီးရောင်းနေကျလေ။ ကုန်ဈေးနှုန်းကလဲကြီး၊ စားဝတ်နေရေးကလဲ ခက်လာတော့ တောကထွက်တဲ့ဟာတွေကိုဘဲ အားထားပြီး ရှာဖွေစားသောက်နေကြရတာ။” ဟု အမျိုးသမီးတစ်ဦးက ပြောပြသည်။
အဆိုပါ အမျိုးသမီးမှာ ပြီးခဲ့သည့် မေလ၂၀ရက် နံနက်၉နာရီ၃၀မိနစ်ခန့်အချိန်တွင် ညောင်ကိုင်းကျးရွာနှင့် ၂မိုင်လောက်ကွာဝေးသည့် အရှေ့တော လမုန်ရော်လယ်ကွင်းနဘေး၌ မှိုရှာသွားရင်း စစ်တပ်ကထောင်ထားသည့် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဆိုသည်။
“တကယ်ဆိုရင် ကျမတို့ရွာသားတွက မိုင်းအန္တရာယ်ကာကွယ်ရေး သင်တန်းတက်ထားတယ်၊ နင်းမိတဲ့နေရာနဲ့ မိုင်းအန္တရာယ်သတိပေး ဆိုင်းဘုတ်နဲ့က (၁)မိုင်လောက်ဝေးတာဆိုတာ့ မိုင်းရှိမှန်းမသိဘူးပေါ့၊" ဟု အထက်ပါက ဆက်ပြောသည်။
လက်ရှိ ဒေါ်ကြည်ဆန်းမှာ ခြေထောက်နှစ်ဖက်လုံး ဖြတ်တောက်လိုက်ရပြီး၊ ဘယ်ဖက်လက်ဖမိုး ကျိုးကျေသွားကာ၊ မိုးညှင်းဆေးရုံမှ စိုးရိမ်ရသည့် အခြေအနေကြောင့် မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းကုသနေရသည်။
ထို့အပြင် တောင်သူမိသားစုဖြစ်ပြီး ဆေးကုသရန် ငွေကြေးအခက်အခဲရှိနေခြင်းကြောင့်လည်း အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။
သတင်း - ကချင်ပြည်သား




Comments