ညသန်းခေါင်ယံအချိန် (၃)နာရီခန့်သာ လျှပ်စစ်မီးရရှိသဖြင့် ပူတာအိုမြို့ဒေသခံများ နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန်ပင် အခက်ကြုံနေ
- Pajau Media

- May 20, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၀ရက်၊မေလ၊၂၀၂၅။

ပူတာအိုမြို့တွင် လျှပ်စစ်မီးပုံမှန်မရရှိသည်မှာ အချိန်ကြာမြင့်လာပြီဖြစ်ပြီး၊ ယခုနှစ်တွင် ပိုမိုဆိုးရွားကာ ညသန်းခေါင်ယံ၌သာ မီးရရှိသောကြောင့် ခက်ခဲနေကြရသည်ဟု ပူတာအိုမြို့ဒေသခံများက ပြောသည်။
“အခုနှစ်အတွင်း မီးကိုညသန်းခေါင် လူအိပ်ချိန်(၁၂:၀၀) နာရီလောက်ကနေ မနက်(၃:၀၀)နာရီလောက်အထိပဲ ပေးနေတာ ဘာမှလုပ်လို့မရဘူး။ နေ့ခင်းဘက်ဆို လုံးဝမပေးသလောက်ဖြစ်သွားတယ်။ မီတာခကျတော့ ပုံမှန်ဆောင်နေရတာပဲ" ဟု မြို့ခံတစ်ဦးက ပြောသည်။
ပူတာအိုမြို့တွင် ပြီးခဲ့သည့် နှစ်များအထိ တစ်ရက်ခြားကာ လေးနာရီလောက်ထိ လျှပ်စစ်မီးရရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ ယခင်နှစ်များထက် ပိုမိုဆိုးရွာလာကာ ညသန်းခေါင် ၁၂နာရီမှ ၃နာရီအတွင်းသာ မီးပေးနေခြင်းက ဒေသခံများအတွက် အခက်အခဲဖြစ်စေသည်ဟု ဆိုသည်။
"အရင်နှစ်နှစ်လောက်အထိတော့ တစ်ရက်ခြား၄နာရီလောက်ထိတော့ ပေးတယ်၊ အခုဆို လုံးလုံးမပေးတော့ဘူး။ VIP လိုင်းလျှောက်တာလည်း သိန်း(၄၀)လောက် ဌာနကိုပေးရတယ်။ အစပိုင်းမှာ မီးမှန်သလိုလိုနဲ့ အခုကျတော့ အားလုံးအတူတူပဲ ဖြစ်သွားပြန်တယ်။ မီးမှန်တယ်ဆိုလို့ အစိုးရဌာနတွေနဲ့ ဝန်ထမ်းအိမ်ယာလောက်မှာပဲ မီးမှန်မှန်ပေးနေတယ်။” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
အချို့ဒေသခံများမှာ မီးပုံမှန်ရရှိရေးအတွက် ငွေအမြောက်အများ အကုန်အကျခံကာ VIPလိုင်းလျှောက်ထားအသုံးပြုခဲ့ကြပေမယ့် မီးပုံမှန်မရတော့ကြောင်းနှင့် လက်ရှိမှာ အစိုးရဌာနများနှင့် ဝန်ထမ်းအိမ်ရာများတွင်သာ ရရှိတော့သည်ဟု ဆိုသည်။
ထို့ကြောင့် သာမန်ဒေသခံများမှာ လျှပ်စစ်မီးဖြင့် ပုံမှန်လုပ်ဆောင်ရမည့် နေ့စဉ်လုပ်ငန်းများတွင် နှောင့်နှေးမှုများ ဖြစ်လာပြီး အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း သိရသည်။
သတင်း- မလိခူး




Comments