ဌာနေပြည်သူ့စစ်များနှင့် KIA/KPDF ပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် တိုက်ပွဲအတွင်း ပိတ်မိနေ
- Pajau Media

- Mar 7, 2024
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်များနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA/KPDF) ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ ယင်းတိုက်ပွဲကြောင့် အောင်မြေ(၁)ကျေးရွာ၊ အောင်မြေ(၂)ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာမှ ဒေသခံ တစ်သောင်းကျော် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့သည်ဟု အောင်မြေ(၁) ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
“တိုက်ပွဲစချိန်ကတည်းက အဝင်အထွက်အားလုံးကို ပိတ်ချလိုက်တော့ သွားလာသူမရှိတော့ဘူး။” ဟု ယင်းဒေသရှိ ဒေသခံတစ်ဦးက ဖုန်းဖြင့် ဖြေကြားခဲ့သည်။
ယနေ့ မတ်လ ၇ရက်နေ့ နံနက်ပိုင်း ၅နာရီအချိန်ခန့်မှ အောင်မြေ(၁)၊ ရွှေညောင်ပင် ကျေးရွာအတွင်း အခိုင်အမာ ပူးပေါင်းတပ်စွဲထားသော ဌာနေပြည်သူ့စစ် စခန်းများကို KIA/KPDF ပူးပေါင်းတပ်ဖွဲ့များမှ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရွာ၏ အဝင်အထွက်အားလုံးကို ပိတ်ပင်ထားလိုက်ပြီး တိုက်ပွဲပြင်းထန်ကာ ဒေသခံများ တိုက်ပွဲအတွင်း ပိတ်မိနေခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိဒေသခံများမှာ တိုက်ပွဲအတွင်း ပိတ်မိနေသည့်အပြင် အခြေခံစားနပ်ရိက္ခာဖြစ်သည့် အစားအစာများကိုပင် ကြိုတင်ဝယ်ယူစုဆောင်းထားခြင်း မရှိသောကြောင့် ခက်ခဲနေတော့မည်ဟု စိုးရိမ်နေကြောင်းကိုလည်း ထပ်မံပြောဆိုထားပါသည်။
“ဒီနေ့ မနက် ၅နာရီကစပြီး တိုက်ပွဲဖြစ်တော့ ဝိုင်းမော်က ဈေးသည်တွေ အောင်မြေ (၁) ဈေး မလာတော့ဘူး၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့ အခြေခံ စားသောက်ကုန်တွေကို ဝိုင်းမော်ကနေ လာရောင်းတဲ့ ပျံကျဈေးသည်တွေကနေ ဝယ်ရတယ်၊ ဒီနေ့တော့ ဈေးသည်တွေလည်း မလာဘူး၊ ဝယ်စားစရာလည်း မရှိဘူး၊ ကုန်ဈေးနှုန်းတွေ မြင့်လာတော့ ဆန်ဆီတွေ များများ မဝယ်နိုင်တော့ဘူး၊ တစ်ရက်စာတစ်ရက်ပဲ ဝယ်နိုင်တာ။ ဒီနေ့တော့ ဝယ်လို့မရတော့ ဒုက္ခရောက်ရပြီ” ဟု အောင်မြေ (၁)နေ ဒေသခံတစ်ဦးက ဆက်ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးမှလည်း “ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ တပ်စွဲထားတဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်တာ အခုတော့ ပြည်သူ့စစ်စခန်းတွေ အားလုံးသိမ်းနိုင်ပြီလို့ ကြားတယ်၊ ပြည်သူတွေကိုတော့ အခုထိ သွားလာဖို့ ခွင့်မပြုသေးဘူး” ဟု ပြောသည်။
ထို့အပြင် လက်ရှိသတင်းရေးသားနေချိန်အထိ ပြည်သူများအား သွားလာခွင့် မပြုသေးကြောင်း သိရသည်။
တိုက်ပွဲမှ လက်နက်ကြီး ကျရောက်ပေါက်ကွဲ သံများကြောင့် ဝိုင်းမော်မြို့နေ ပြည်သူများလည်း စိုးရိမ်ထိတ်လန့် လျက်ရှိနေသည့်အပြင် ညနေပိုင်း ၂နာရီခန့်အချိန်တွင်လည်း ပေါက်ကွဲသံများ ကျယ်လောင်စွာ ထပ်မံကြားနေရသည်ဟု ဆိုသည်။
အလားတူ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများနှင့် ၄မိုင်ခန့်အထိသာ ကွာဝေးသည့် ဝိုင်းမော်မြို့နေ ဒေသခံများမှာလည်း စိုးရိမ်စွာ သတိဖြင့် သွားလာနေကြရကြောင်း သိရသည်။
သတင်း -လေပြေ




Comments