တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝိုင်းမော်ဒေသသို့ စစ်တပ်မှလေကြောင်းဖြင့်တိုက်ခိုက်
- Pajau Media

- Jun 24, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၄ရက်၊ဇွန်လ၊၂၀၂၅။

ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားမှုများနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်နေပြီး၊ နှစ်ဖက်စစ်ရေး တင်းမာမှုလည်း ရှိနေဆဲဖြစ်ကြောင်းသိရသည်။
ဝိုင်းမော်-ဝါးရှောင်ကျေးရွာအနီးရှိ ဂွေရွတ်ယာန်ကျေးရွာကို စစ်တပ်က ယမန်နေ့ ဇွန်လ၂၃ရက်နေ့ ညအချိန်တွင် လေကြောင်းဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များနှင့် အရပ်သား(၂)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသော်လည်း အဆက်အသွယ် ခက်ခဲသောကြောင့် ပါဂျောင်မီဒီယာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် ဇွန်၂၂ရက်နေ့ ည၁၀နာရီဝန်းကျင်ခန့်တွင် လမြန်ကျေးရွာနှင့် ဝါးရှောင်ကျေးရွာဝန်းကျင်အတွင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြစ်ကြီးနားမှတက်လာသည့် Y-12 လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်၂၂ရက်နေ့ကလည်း ဖားကန့်တပ်မကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့များမှာ လတ်တလောအတွင်း ဖားကန့်ဒေသအပြင် ဝိုင်းမော်ဒေသသို့ မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ လက်နက်ကြီး၊ လေယာဉ်ဗုံးနှင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် ပြည်သူနှင့် နေအိမ်ထိခိုက်ပျက်စီးမှုများ ရှိနေမြဲဖြစ်သည်။
ဒေသခံများ ပြောဆိုချက်အရ ဝိုင်းမော်-မိုင်းနားစစ်ရှောင်စခန်းအနီးရှိ ဒိန်ဂရီချောင်းအနီးတွင်လည်း စစ်ကောင်စီမှနေရာယူတပ်စွဲနေထိုင်လာပြီး လမ်းသွားလမ်းလာ ပြည်သူများအား တားဆီးစစ်ဆေးကာ ငွေကောက်ခံခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments