top of page

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည့် မိုးမောက်နှင့် ဗန်းမော်

  • Writer: Pajau Media
    Pajau Media
  • Jul 31, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၁၊ ၇၊ ၂၀၂၄



မိုးမောက်နှင့် ဗန်းမော်မြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေပြီး မြို့အဝင်အထွက်လမ်းများ ပိတ်ဆို့ပြီး သွားလာရေးအခက်အခဲဖြစ်နေသည်။ စစ်ကောင်စီတပ်က ဗန်းမော်-ရွှေကူလမ်းကို ပိတ်ဆို့ထားကြောင်းနှင့် စစ်သင်္ဘောများ မန္တလေးမှ ဆန်တက်လာသည့် သတင်းများကြောင့် ရေကြောင်းလမ်းများ ပိတ်ပင်မည်ဟု ကြားသိရပါသည်။


KIA, AA, KPDF ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင်လ ၂၄ရက်နေ့မှစ၍ မိုးမောက်မြို့စောင့်တပ် ခမရ ၄၃၇ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လွန်ခဲ့သောအပတ်တွင် ဗန်းမော်မြို့နယ် မံရွတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခလရ ၄၇ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းအမြစ်များက ဖော်ပြထားပါသည်။


ထို့ပြင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင်လ ၂၅ရက်နေ့မှ စတင်ပြီး ဗန်းမော်တက္ကသိုလ် အနောက်ဘက်ခြမ်းရှိ တာမိုင်းလုံး၊ မိုးဖိန်၊ ရွှေစည်၊ သာစည်၊ နန့်လှိုင် စသည့်ကျေးရွာတစ်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီမှ လေကြောင်းမှတစ်ဆင့် လက်နက်ကြီးများဖြင့် ခုခံနေကြောင်းကို ဒေသခံများမှ တစ်ဆင့် သိရှိရပါသည်။


သို့သော် ကချင်ပြည်နယ်တစ်ခုလုံးတွင် ဇူလိုင်လ၂၁ရက်မှစတင်ပြီး ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်မှုများကြောင့် တိုက်ပွဲအခြေအနေများကို တွင်တွင်ကျယ်ကျယ် မသိရှိရခြင်းဖြစ်သည်။


လတ်တလောတွင် ဗန်းမော်မြို့နယ် ကောင်ဂျာယန်ကျေးရွာ၊ မံစီသွားလမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဗန်းမော်-မိုးမောက်မြို့ကြား လမ်းမများပေါ်တွင် ခမရ ၄၃၇ စခန်းသိမ်းတိုက်ပွဲများကို အဆက်မပြတ်ဆင်နွှဲနေဆဲဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page