top of page

တောင်ကျချောင်းရေကြီးမှုကြောင့် လယ်ဧကပေါင်း(၁၀၀)ကျော်ခန့် ရေတိုက်စား၍ ပျက်စီးဆုံးရှုံးနေ

  • Writer: Pajau Media
    Pajau Media
  • Jun 13, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ဇွန်လ၊၂၀၂၅။



ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် မလိခမြစ်အပါအဝင် တောင်ကျချောင်းရေကြီးခဲ့ရာ လက်ရှိတွင် ဒေသခံများ၏ လယ်မြေဧက(၁၀၀)ကျော် တိုက်စားခံရပြီး ဆုံးရှုံးမှုဖြစ်နေကြောင်း သိရသည်။


"ပြီးခဲ့တဲ့အပတ်မှာ မုံယပ်ချောင်းရေကြီးတာ ခါတိုင်းနှစ်တွေနဲ့မတူဘူး။ အရင်နှစ်တွေထက် ပိုကြီးသွားတယ်၊ ပြီးတော့ ချောင်းရေတက်လာတာလည်း ခါတိုင်းနှစ်တွေထက် အရမ်းစောလွန်းတယ်ဗျာ။ ငါတို့က လယ်တောင်မထွန်ရသေးဘူး။ ဆည်မြောင်းတွေ၊ လယ်မြေတွေ၊ တစ်ကွင်းလုံးတိုက်စားပြီးတော့ ပါသွားတယ်။” ဟု လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။


လုံရှာယာန်ကျေးရွာအုပ်စုမှ မုံယပ်ကွင်းခေါ် မုံယပ်ချောင်းဘေးရှိ လယ်ကွင်းဧက(၁၀၀)ကျော်ခန့်က ရေတိုက်စားခံရပြီး၊ ပျက်စီးဆုံးရှုံးခဲ့ရသောကြောင့် ဒေသခံအိမ်ထောင်စု (၃၅)စုခန့်မှာ လယ်ယာမြေလက်မဲ့ဖြစ်ခဲ့ရသည်ဟုလည်း အထက်ပါလယ်ပိုင်ရှင်က ပြောသည်။


“အဲ့ဘက်ကွင်းက အိမ်ခြေ(၃၅)စုလောက် ရှိမယ်။ လယ်‌လုပ်စားစရာမရှိတော့ဘူး။ မနှစ်တုန်းကကျတော့ အခုလိုလယ်လုပ်ချိန်မှာ ဆီဈေးအရမ်းတက်လို့ ဒုက္ခရောက်ခဲ့တယ်၊ ဒီနှစ်ကကျတော့ လယ်တွေပါ အကုန်ပါသွားတယ်ဗျာ" ဟု ပြောသည်။


လုံရှာယာန်ကျေးရွာအုပ်စုရှိ ဒေသခံများမှာ လယ်မြေဧကပေါင်း(၃၀၀၀)ကျော်ဖြင့် လုပ်ကိုင်စားသောက်နေကြပြီး၊ ယခုနှစ် တောင်ကျရေ ရေကြီးရေလျှံဖြစ်စဉ်တွင် ဧက(၁၀၀)ကျော်ခန့် ရေတိုက်စား ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လယ်လုပ်တောင်သူလုပ်ရင်း ဝမ်းစာဖြေရှင်းနေရသည့် ဒေသခံများ အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။


ပူတာအို‌မြို့နယ်၊ လုံရှာယာန်ကျေးရွာအုပ်စုသည် လူဦးရေစုစုပေါင်း ငါးထောင်ကျော်၊ အိမ်ထောင်စု(၈၀၀)ကျော်အထိ မှီတင်းနေထိုင်ကြသည့် ကျေးရွာအုပ်စုတစ်ခုဖြစ်ပြီး၊ ပူတာအိုမြို့နယ်၏ ဒုတိယအကြီးဆုံး ကျေးရွာအုပ်စုတစ်ခုလည်း ဖြစ်သည်။


သတင်း- မလိခူး

ဓါတ်ပုံ- ပုံဟောင်း

Comments


Pajau Media

Thanks for subscribing!

bottom of page