top of page

တောင်ကျရေကြီးခြင်းကြောင့် ပူတာအို၊ထလာထုကျေးရွာမှ အိမ်ခြေ(၁၀)အိမ်အပါအဝင် ကျေးရွာချင်းဆက်သွယ်ထားသည့် တံတားများရေစီးနှင့်အတူမျှောပါသွား

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဇွန်လ၊၂၀၂၅။




တောင်ကျရေကြီးလာသောကြောင့် တစ်ရွာလုံးနီးပါး ရေနစ်မြုပ်သွားသည့် ပူတာအို၊ထလာထုကျေးရွာမှ နေအိမ်များ အပျက်အစီးများကာ အရေးတကြီး အကူအညီများ လိုအပ်နေကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


“ထလာထုရွာက ရေအကုန်လုံးဖုံးလွှမ်းသွားတာ အိမ်ခြေ(၁၀)အိမ်လောက်က ပါသွားပြီ၊ အဲ့ကြောင့် အခုက နီးစပ်တဲ့ရွာတွေနဲ့ ပူတာအိုဒေသဘက်က သူတွေလာပြီး ယာယီနေထိုင်ဖို့ နေအိမ်ဆောက်လုပ်ပေးနေပြီ” ဟု သင်းထောက်တစ်ဦးက ပြောသည်။


ထလာထုကျေးရွာမှာ ပူတာအို-ပန်နန်းဒင်ဒေသမှ ကျေးရွာငယ်တစ်ခုဖြစ်ပြီး၊ အိမ်ခြေ(၁၄)အိမ်၊လူဦးရေ(၈၀)လောက်သာ မှီတင်းနေထိုင်ကြသည့် ရွာငယ်လေးဖြစ်ကာ အိမ်ခြေ(၁၀)အိမ်မှာ တောင်ကျရေနှင့်အတူမျှောပါပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် လူဦးရေနည်းပါးပြီး၊ ဝေးလံခေါင်ဖျားသည့် ရွာငယ်လေးအတွက် အကူအညီများ ကူညီထောက်ပံ့ပေးရန် ဒေသခံများ လိုလားနေကြကြောင်းနှင့် နီးစပ်သည့်ကျေးရွာမှ ကူညီဆောင်ရွက်ပေးနေသော်လည်း ထလာထုဒေသခံများအတွက် အခြေခံအစားအသောက်များ၊ လူသုံးကုန်မှအစ ဆက်လက်လိုအပ်နေသေးသည်ဟု ဆိုသည်။


ထို့အပြင် တောင်ကျရေကြီးမှုကြောင့် ကျေးရွာချင်း ဆက်သွယ်ထားသည့် တံတား(၅)စင်းထက်မနည်းလည်း ရေစီးနှင့်ပါသွားခဲ့ပြီး၊ ခေါင်လန်ဖူးမြို့နယ် ရီဒမ်းကျေးရွာမှ စာသင်ကျောင်းတစ်ဆောင်လည်း တောင်ကျရေစီးတွင် ပါသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။


ထလာထုကျေးရွာသည် နောင်မွန်းမှ ၇-၈ရက်အထိ ခြေလျင်ဖြင့် သွားရသည့်ကျေးရွာဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် မီးဘေးရန်ခံစားခဲ့ရာမှ ကိုယ်ထူကိုယ်ထ တစ်ဖန်ပြန်လည်ထူထောင်နေချိန် ယခုကဲ့သို့ ရေဘေးထပ်မံ ကြုံတွေ့ခဲ့ရသည့် ဒေသလည်း ဖြစ်သည်။


ပူတာအိုဒေသတွင် ယခုနှစ်အတွင်း တောင်ကျရေကြီးခြင်းမှာ အဆိုးဆုံးအခြေအနေရောက်ရှိခဲ့ပြီး၊ ဆက်လက်ပြီး မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိသောကြောင့်လည်း စိုးရိမ်သတိထားနေရသည်ဟု ဒေသခံများက ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page