တောတောင်အတွင်း စစ်ရှောင်နေသည့် နန့်ယားဒေသခံများအတွက် နှစ်ခြင်းအသင်းတော်မှခေါ်ယူကာနေရာချမှတ်
- Pajau Media

- Jul 7, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၇ရက်၊ဇူလိုင်လ၊၂၀၂၅။

စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲပြင်းထန်လာသောကြောင့် တောတောင်နေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ဖားကန့်သွားလမ်းပေါ်ရှိ နန့်ယားကျေးရွာမှ ဒေသခံများအား ခေါ်ယူနိုင်ပြီး၊ နေရာချမှတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
“၂၀၂၅ဧပြီလကတည်းက ဇူလိုင်၂ရက်နေ့အထိ တောတောင်၊ လယ်ယာ၊တောင်ယာ အစရှိတဲ့ နေရာတွေမှာ စစ်ရှောင်နေကြတဲ့ နန့်ယားဒေသခံတွေကို ဇူလိုင်၂ရက်နေ့မှာ ခေါ်ထုတ်နိုင်ခဲ့ပြီး၊ နေရာချမှတ်ပေးနိုင်ခဲ့ပြီ” ဟုလည်း နန့်ယားနှစ်ခြင်းအသင်းတော်က ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလ၂၄ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာမှုနှင့်အတူ လေကြောင်း၊လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ပြီး KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် နန်ယားဒေသခံပြည်သူများအပါအဝင် ဖားကန့်သွားလမ်းရှိ ပြည်သူထောင်ချီ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။
ယင်းအချိန်ကတည်းက နန့်ယားဒေသခံ အများစုမှာ ဖားကန့်မြို့၊ မြစ်ကြီးနားမြို့နှင့် မိမိဆွေမျိုးနေအိမ်များတွင် သွားရောက်စစ်ရှောင်ခဲ့ကြပြီး၊ အချို့ဒေသခံများမှာ တောတောင်နေရာများသို့ လက်ရှိအချိန်အထိ ကိုယ်ထူကိုယ်ထ စစ်ရှောင်နေခဲ့ကြသည်ဟု ဆိုသည်။
လက်ရှိအချိန်မှာတော့ တာဝန်ရှိသူများ ချမှတ်ပေးသည့် နေရာတွင်လုံခြုံစွာ စစ်ရှောင်နိုင်ခဲ့ကြပြီဖြစ်သော်လည်း အစားအသောက်၊ဆေးဝါးနှင့်ကလေးငယ်များအတွက် အစာအာဟာရ အစရှိသည့် လူမှုကူညီရေး အထောက်အပံ့များလိုအပ်နေဆဲဖြစ်သည်ဟုလည်း စစ်ရှောင်များက ပြောသည်။
ဒေသခံနေအိမ် (၆၀၀)ရာကျော်နှင့် လူဦးရေ(၃၀၀၀)နီးပါးရှိသည့် နန့်ယားကျေးရွာမှာ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရပြီးဖြစ်သည်။
သတင်း - ထုဆိုင်း




Comments