top of page

တောထဲတွင် နှစ်ပတ်ကြာ တိမ်းရှောင်နေကြသော ဆွမ်ပီယာန်အုပ်စု အရပ်သားပြည်သူများ အရေးပေါ် အကူအညီများ လိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • May 22, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊မေလ၊၂၀၂၄ခုနှစ်။



ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်အုပ်စုမှ အရပ်သားပြည်သူ (၁၀၀၀)ကျော်သည် ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများစွာ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။


"အခုလော‌လောဆယ်အထိတော့ ကျွန်တော်တို့ ဆွမ်ပီယာန်အုပ်စုက ပြည်သူတွေ အုပ်စုကွဲပြီးမှ တောထဲနေရာ အနှံ့ပြန့်နေကြရတယ်၊ အရေးပေါ်ထွက်ပြေးခဲ့ကြရတော့ အခုထိ မစုစည်းနိုင်ကြသေးဘူး၊ နှစ်ပတ်ကျော်လာပြီ။ တောထဲမှာ ကြာကြာခိုဖို့ဆိုရင် လိုအပ်ချက်တွေ အများကြီးပဲ။ လမ်းတွေလည်း အားလုံးပိတ်နေတော့ ဘယ်ကိုမှလည်း အကူအညီတောင်းလို့ အဆင်မပြေဘူး၊ အများပိုင်းက စားရေးသောက်ရေး အခက်အခဲတွေရှိနေကြပြီ။ ပြီးတော့ခိုလုံဖို့ တဲ၊ အမိုး၊ အကာ၊ ဆေးဝါးတွေနဲ့ အခြေခံစားသောက်ကုန်တွေ ခက်ခဲနေကြပြီ" ဟု ဆွမ်ပီယာန် စစ်ရှောင်ပြည်သူတစ်ဦးက ဖုန်းမှတစ်ဆင့် ဖြေကြားခဲ့သည်။


ပူတာအိုနှင့် ဆွမ်ပရာဘွမ်မြို့ အစပ်တွင်တည်ရှိသည့် ဆွမ်ပီယာန်အုပ်စုမှ အရပ်သားပြည်သူများမှာ ပြီးခဲ့သည့် မေလ၁၂ရက်နေ့မှစ၍ ပူတာအိုဘက်မှ ဆင်းလာသော စစ်ကြောင်းက ဝဒတ်ကျေးရွာမှ ဒေသခံအချို့အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည်ဟူသော သတင်းကြောင့် စိုးရိမ်ကာ ဘေးလွတ်ရာသို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။


နှစ်ပတ်နီးပါးကြာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေထိုင်ကြသော ဆွမ်ပီယာန် ဒေသခံများမှာ လူဦးရေအားဖြင့် (၁၀၀၀)ကျော်ခန့် ရှိနေပြီး၊ ရွာထဲ ပြန်မဝင်ရဲပဲ တောတောင်အတွင်း တိမ်းရှောင်နေထိုင်ဆဲဖြစ်သည့်အပြင် ခိုလုံရန် အမိုး၊ အကာပစ္စည်းများ၊ အခြေခံစားသုံးကုန်များနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု ဆိုသည်။


ထို့အပြင် မေလ၁၉ရက်နေ့တွင်လည်း စစ်ကြောင်းထိုး စစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှာ အရပ်သားနေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့ကြောင်းနှင့် အသက်၆၀အရွယ် အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးချုပ်နှောင်ခြင်းမှ ထွက်ပြေးနေစဉ် အင်စိုင်ခချောင်းတွင် ရေနစ်သေဆုံးမှု ရှိခဲ့ဖူးကြောင်း ဆိုသည်။


အလားတူ ရွာအတွင်း ပစ္စည်း၊ ရိက္ခာယူရန် ပြန်လာကြသည့် အရပ်သားများကိုလည်း မကြာခဏ ဖမ်းဆီးမေးမြန်းကာ ရိုက်နှက်ခြင်းများ လုပ်ဆောင်နေသောကြောင့် ကျေးရွာအတွင်း ပြန်မဝင်ရဲပဲ တောတွင်း၌သာ ပိတ်မိနေခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။


ဆွမ်ပီယာန်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်(KIA/KPDF)နှင့် KPF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာကာ နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသည်။

သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page