top of page

တီယန်ဇွပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှုအပါအဝင် ၈ ဦးထက် မနည်းသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Aug 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၃၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တီယန်ဇွပ် ကျေးရွာ စစ်ကောင်စီစခန်းနှင့် ရှေ့တန်းစခန်းငယ်များကို ပြီးခဲ့သော ဩဂုတ် ၂ ရက်နေ့ တိုက်ခိုက်သိမ်းယူခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်း တစ်ဦးဖမ်းမိထားသည် ဟု ဒေသခံမှတဆင့် ကြားသိရသည်။


ဖုန်း၊ အင်တာနက် ဆက်သွယ်ရေးလိုင်းများပြတ်တောက်မှုကြောင့် ယခုမှသာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။


“တီယန်ဇွပ်က ဝိုင်းမော် ခလရ (၅၈) ရှေ့တန်းစခန်းမှာတော့ တပ်ရင်းမှူးထိုင်တယ်ဗျ၊ တိုက်ပွဲထဲ စက်လှေနဲ့ ထွက်ပြေးလို့ ပစ်ခံရတာ။ သူသေသွားတယ် နောက်ထပ်သူနဲ့ ပါလာတဲ့ ရှစ်ဦးလည်းသေပြီး အရှင် တစ်ယောက်ဖမ်းမိထားတယ်လို့” ပါဂျောင်မီဒီယာထံသို့ အတည်ပြုပြောကြားခဲ့သည်။


သေဆုံးသွားသည့် တပ်ရင်းမှူးအမည်ကို အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း အရှင်ဖမ်းမိထားသူသည် ဒုတပ်ကြပ်ကျော်စိုးအောင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာက စဉ်ကလျားဖြစ်နေသည်ဟု သိရသည်။


ကချင်ပြည်နယ်တွင် ဇူလိုင် ၂၁ ရက်နေ့မှစပြီး ဆက်သွယ်ရေးလိုင်းအားလုံး ပြတ်တောက်ခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အနီးတဝိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပူးပေါင်းတပ်များသည် ဩဂုတ် ၁ ရက်နေ့မှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ပြန်လည်စတင်ခဲ့ပြီး မြစ်ကြီးနား၊ ဗန်းမော်မြို့အနီးမှ စစ်ကောင်စီစခန်း အချို့ကို တိုက်ခိုက်ခဲ့သည်။


ဩဂုတ် ၂ ရက်နေ့တွင် တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီ စခန်းနှင့် ရှေ့တန်းစခန်းငယ်များကို တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။


ဝိုင်းမော်မြို့တွင်လည်း တပ်ရင်းအနေဖြင့် ခလရ (၅၈) သာကျန်ရှိပြီး ယခုအခါ ဗျုဟာမှူးဦးဆောင်ကာ ခံစစ်ပြင်ဆင်ထားကြောင်း၊ တပ်ရင်းပတ်ဝန်းကျင်တွင် ကာကင်းအများပြားချထားကာ မိုင်များလည်း ထောင်ထားကြောင်း ကြားသိရသည်။


စစ်ကောင်စီမှ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခလရ (၅၈) နှင့် မုတ်လွဲရာလမ်းဆုံမှ နေ၍ လက်နက်ကြီးများ ညစဉ် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page