တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုသွားရမည့် အစိုးရကျောင်းတက် ကျောင်းသား/သူများကို စခန်းသွင်းကာအနီးကပ်သင်ကြား
- Pajau Media

- May 6, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၆ရက်၊မေလ၊၂၀၂၅။
ငလျင်ဒဏ်ကြောင့် အဖြေလွှာများမီးလောင်ပျက်စီးခဲ့ရသည့်အတွက် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုသွားရမည့် အစိုးရကျောင်းတက် ကျောင်းသား/သူများကို စခန်းသွင်းပြီး အနီးကပ်သင်ကြား ဖြေဆိုသွားရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ပေးထားကြောင်း မြစ်ကြီးနား အထက်တန်းပြ ဆရာမတစ်ဦးပြောပြချက်အရ သိရသည်။
“ကိုယ်ပိုင်ကျောင်းတွေက ဘယ်လိုစီစဉ်နေလဲတော့မသိဘူး။ ဒီအစိုးရကျောင်းတက်ထားတဲ့ ကျောင်းသား/သူတွေကိုတော့ ကျောင်းတွင်းမှာဘဲ စခန်းသွင်းပြီး အနီးကပ်သင်ကြားခိုင်းတယ်။ စားဖို့ သောက်ဖို့လည်း အကုန်ကျောင်းမှာဘဲ အစိုးရတွေစီစဉ်ပေးထားတယ်“ ဟု အထက်ပါဆရာမက ပြောသည်။
အစိုးရကျောင်းတက် ကျောင်းသား/သူများမှာ မေလ(၅)ရက်နေ့မှစပြီး ကျောင်းတွင်း စခန်းသွင်းသင်ကြားနေပြီဖြစ်သည့်အပြင် ပြန်လည်ဖြေဆိုမည့်စာမေးပွဲအတွက် ဆရာ/မများနှင့်အတူ အနီးကပ်သင်ကြား ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဗန်းမော်၊တနိုင်းနှင့်ချီဖွေ စသည့်အခြားဒေသမှ ရောက်ရှိလာသည့် ကျောင်းသား/သူများအတွက်လည်း မြစ်ကြီးနားမြို့တွင် စခန်းသွင်းကာ အနီးကပ်သင်ကြားပေးနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် မတ်လ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပင်မအဆောင်ပျက်ဆီးပြိုကျ မီးလောင်သွားခဲ့ရပြီး ကချင်ပြည်နယ် အပါအဝင် မန္တလေး၊စစ်ကိုင်းနှင့် နေပြည်တော်မှ G-12စာမေးပွဲဖြေဆိုထားသည့် ကျောင်းသားများ၏ အဖြေလွှာ(၄)သိန်းကျော် မီးလောင်သည့်ထဲ ပါသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ဇွန်လ၁၆ရက်နေ့မှ ၂၁ရက်နေ့အထိ သတ်မှတ်ထားသည့် အချိန်အတိုင်း ပြန်လည်ကျင်းပစစ်ဆေးမည်ဖြစ်သည်။
သတင်း-ဖရိန်း










Comments