top of page

တကျော့ပြန်တိုက်ပွဲ ၁၄နှစ်ပြည့်ပြီဖြစ်သည့် ကချင်ဒေသ

  • Writer: Pajau Media
    Pajau Media
  • Jun 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ဇွန်လ၊၂၀၂၅။


ကချင်ဒေသအတွင်း ပြည်တွင်းစစ် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့တာ ၂၀၂၅ခုနှစ် ယနေ့ ဇွန်လ၉ရက်နေ့တွင် ၁၄နှစ်တိုင် ကြာခဲ့ပြီဖြစ်သည်။


ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လ၉ရက်နေ့က စတင်ခဲ့သည့် KIAနှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား တကျော့ပြန်လည်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ပွဲကြောင့် တိမ်းရှောင်ခဲ့ရသည့် စစ်ရှောင်ပြည်သူများ တစ်နေ့တစ်ခြား တိုးလာနေမြဲ ဖြစ်သည်။


KIOနှင့် မြန်မာ့တပ်မတော်ကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက် ၂၀၁၁ ခုနှစ်တွင် တစ်ကျော့ပြန် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော စစ်ဘေးရှောင်များမှာ နှစ်သိန်းကျော်ရှိခဲ့ပြီဖြစ်သည်။


ထို့အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုမိုတိုးများလာကာ၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနှင့် ၂၀၂၄ခုနှစ် မတ်လ၇ရက်နေ့တွင် တစ်ဖန်စစ်ဆင်လာသည့် ၀၃၀၇စစ်ဆင်ရေးကြောင့်လည်း စစ်ကောင်စီနှင့် KIAနှစ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးလာနေဆဲ ဖြစ်သည်။


ကချင်ဒေသ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ ကျေးရွာ၄၀၀ကျော်တွင် နေထိုင်သူ နှစ်သိန်းကျော်က အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး၊ အချို့သောစစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်သို့ပြန်နိုင်ခဲ့သော်လည်း များစွာသောပြည်သူများမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းများအတွင်း နေနေရဆဲဖြစ်သည့်အပြင် နေရပ်ပြန်နေထိုင်ခဲ့ကြသော စစ်ဘေးရှောင်များလည်း ထပ်မံအိုးအိမ်စွန့်ခွာကာ ထွက်ပြေးနေကြရသည်။


ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC)၏ ၂၀၂၃ခုနှစ် စာရင်းတွေအရ ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်စခန်း (၁၆၀) ကျော်ရှိခဲ့ပြီး၊ ၂၀၂၄ခုနှစ်အတွင်း တစ်ဖန်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်လည်း ယခုထက် ပိုမိုများပြားကာ စစ်ရှောင်ဦးရေမှာ နှစ်သိန်းကျော်အထက်သို့ နေ့စဉ်နှင့်အမျှ တိုးများလာနေဆဲဖြစ်ကြောင်း UNHCRက ဖော်ပြထားသည်။


BNI-Myanmar Peace Monitor၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ခုနှစ် မေလအထိ ၄နှစ်တာကာလအတွင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ် (၁၇၁)ခုရှိခဲ့ပြီး၊ စစ်ဘေးရှောင်အရေအတွက်မှာ (၆၉,၀၉၀ယောက်)ရှိခဲ့ကြောင်း သိရသည်။


လက်ရှိမှာတော့ နှစ်သိန်းကျော်သော ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ပေးမှု ပြည့်စုံလုံလောက်မှု မရှိခြင်း၊ လုံခြုံရေးအတွက် အာမခံချက်များ မရှိခြင်း၊ စခန်းအတွင်း ခိုလှုံနေရေးအတွက်လည်း အခက်အခဲများလာခြင်း၊ စစ်ဘေးရှောင်ပြည်သူများအား အကူအညီများ ပေးအပ်ခြင်းကို သိသိသာသာ ကန့်သတ်ချက်များ တိုးမြှင့်ထားခြင်း၊ နိုင်ငံတကာအလှူရှင်များ၏ ပံ့ပိုးကူညီမှုပမာဏ လျော့နည်းသွားခြင်း စသည့် အခက်အခဲ ပြသာနာများစွာ ကြုံတွေ့နေကြရသည်။


လတ်တလောမှာလည်း ဖားကန့်ဒေသ၊ ဝိုင်းမော်ဒေသ၊ ဗန်းမော်ဒေသနှင့် အခြားဒေသများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ရေးလှုပ်ရှားမှုများလည်း ရှိနေမြဲဖြစ်သည်။


ကချင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာ ရင်ဆိုင်နေရဆဲဖြစ်ပြီး စစ်ဘေးရှောင်နှစ်သိန်းကျော်ဟာ အရေးပေါ်ကာကွယ်စောင့်ရှောက်မှုနှင့် အကူအညီများ လိုအပ်နေသေးသည်။


သတင်း -ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page