တစ်ရိပ်ရိပ်မြင့်တက်နေသည့် အခေါက်ရွှေပေါက်ဈေး ၇၁သိန်းဝန်းကျင်အထိ မြင့်တက်နေ
- Pajau Media

- Aug 9, 2024
- 1 min read
ပါဂျောင်မီဒီယာ
၉၊ ၈၊၂၀၂၄။

ပြည်တွင်းလက်ရှိအခေါက်ရွှေဈေးနှုန်းပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ၇၁ သိန်းဝန်းကျင်၊ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ဈေးနှုန်းသတ်မှတ်ချက်မှာ ၄၆၈၉၂၀၄ကျပ်အထိ မြင့်တက်နေပြီး၊ အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာအား ငွေကျပ် ၆၀၀၀အထိ မြင့်တက်နေကြောင်း ဈေးကွက်သတင်းများမှ သိရသည်။
လက်ရှိ ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၇၁သိန်းဝန်းကျင် ပေါက်ဈေးရှိနေသော်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ကျပ် ၄၆၈၉၂၀၄ကျပ်အထိသာ ရောင်းချဖို့ ရည်ညွှန်းဈေး သတ်မှတ်ထားသည်။
၂၀၂၄ခုနှစ် ဇန္နဝါရီလဆန်းပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၃၇သိန်း ၁သောင်းနှင့် စတင်ခဲ့ပြီး၊ ဖေဖော်ဝါရီလအတွင်း ဈေးကွက်ပေါက်ဈေးသည် ၃၈သိန်းနှင့် ၃၉သိန်းကြား အပြောင်းအလဲ ရှိခဲ့သည်။ မတ်လ လဆန်းရွှေပေါက်ဈေးသည် သိန်း ၄၀ကျော်အထိ မြင့်တက်ခဲ့ပြီး လစဉ်လတိုင်း ရွှေဈေးနှုန်းတွေ နေ့စဉ်တိုးတက်နေခဲ့သည်။
ထို့နောက် ဧပြီလဆန်းတွင် ဈေးကွက်ပေါက်ဈေး ၄၇သိန်းနီးပါးအထိ ရောက်ရှိခဲ့ပြီး၊ မေလလကုန်ပိုင်းမှာတော့ ၅၈သိန်းကျော်အထိ တစ်ဟုန်ထိုးမြင့်တက်ခဲ့ကာ၊ နေ့စဉ်ရွှေဈေးနှုန်း တစ်ရိပ်ရိပ်မြင့်တက်နေခဲ့ပြီး လက်ရှိ၆၈သိန်းအထိ မြင့်တက်နေဆဲဖြစ်သည်။
ယခုကဲ့သို့ ရွှေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း စံချိန်တင် မြင့်တက်နေမှုမှာ နိုင်ငံရေးအခြေအနေနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။




Comments