top of page

တစ်ရက်ခရီးသာသွားရသည့် ပူတာအို-ခေါင်လန်ဖူးကားလမ်း ကားလမ်းမပေါက်တော့ကြောင်း ဒေသခံများပြော

  • Writer: Pajau Media
    Pajau Media
  • Sep 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊စက်တင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ်ရှိ ပူတာအို-ခေါင်လန်ဖူးကားလမ်းမှာ ကြမ်းတမ်းသည့် ရာသီဥတုဒဏ်ကြောင့် ကား၊ဆိုင်ကယ် သွားမရတော့သည့်အပြင် ခြေကျင်ဖြင့် တစ်ပတ်ကြာခန့်သွားလာနေရသဖြင့် သွားလာရေးအတွက် ခက်ခဲနေသည်ဟု ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် ဇွန်လပိုင်းမှစပြီး ရာသီဥတုကြမ်းတမ်းသောကြောင့် လမ်း၊တံတားများ ဆိုးရွားစွာ ပျက်စီးခဲ့ရခြင်းဖြစ်ပြီး၊ ယခုအချိန်အထိ ထိရောက်သည့် လုပ်ဆောင်ချက်ဖြင့် ပြုပြင်နိုင်ခြင်းမရှိပဲ ကြန့်ကြာနေသည်ဟု ပြောသည်။ ထို့ကြောင့် ယင်းဒေသရှိ ဒေသခံများမှာ သွားလာရေးအတွက် အလွန်ခက်ခဲလျက်ရှိနေကြောင်း ယင်းဒေသခံ ဘာသာရေးဆရာတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုကဲ့သို့ ပြောသည်။


"ကျွန်တော်တို့ ခေါင်လန်ဖူးဒေသဘက်သွားဖို့ အရမ်းခက်ခဲသွားပြီ။ လမ်းတွေပြို၊ တောင်တွေပြိုထား‌တဲ့နေရာတွေ အရမ်းများ‌တော့ ကား၊ဆိုင်ကယ်တွေ သွားလို့မရတော့ဘူး၊ အခုဆိုရင် ပူတာအိုကနေ ဒဟပ်ရွာအထိပဲ ဆိုင်ကယ်လမ်းပေါက်တယ်။ ဆန်းလွတ်ချက် တောင်ကြားလမ်းအထိ ရောက်ဖို့ဆို နှစ်ညအိပ်ခရီးသွားရတာ။ ခေါင်လန်ဖူးမြို့အထိဆိုရင် တစ်ပတ်လောက်လျှောက်ရတယ်။ ဆိုတော့ ပူတာအိုကနေ ကုန်ပစ္စည်းတွေ ရောက်ဖို့က အရမ်းခက်သွားတယ်လေ။” ဟု ပြောသည်။


ဒေသခံများ‌ ပြောဆိုချက်အရ ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့အထိ ယခင်က တစ်ရက်ခရီးသာရှိပေမယ့် လက်ရှိ ကားလမ်းပျက်စီးသောကြောင့် ကားလမ်းမပေါက်ပဲ ခြေလျှင်ဖြင့် တစ်ပတ်ခန့်ကြာ ခက်ခက်ခဲခဲ သွားလာနေရကြောင်း သိရသည်။ ထို့အပြင် ပူတာအို မှ ခေါင်လန်ဖူးအထိ မိုင်တစ်ရာကျော်ကွာဝေးပြီး ၂၀၂၂ခုနှစ်မှသာ ကားလမ်းပေါက်ခဲ့ခြင်း ဖြစ်သည်။


လက်ရှိ ပူတာအိုမြို့မှ ခေါင်လန်ဖူး မရောက်မီ ဒဟပ်ရွာငယ်လေးအထိသာ ကားလမ်းပေါက်နေပြီး၊ ခေါင်လန်ဖူးအထိ ကားလမ်းမပေါက်တော့သဖြင့် ပူတာအိုမှ ကုန်ပစ္စည်းများ မရောက်ရှိတော့သည်မှာလည်း သုံးလနီးပါး ကြာမြင့်နေပြီဖြစ်သည်။ ထို့အပြင် ယခင်က တရုတ်နယ်စပ်ဘက်မှ ဝင်သည့် ကုန်စီးဆင်းမှုပါ ရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။


“တရုတ်ပြည်ဘက်ကနေလည်း အရင်လို ကုန်ပစ္စည်းတွေ မသွင်းခိုင်းတော့ဘူး။ ဆိုတော့ ဒေသထဲမှာရှိတဲ့ ပြည်သူတွေ အဖက်ဖက်ကနေ အရမ်းခက်ခဲပြီးတော့ ဒုက္ခရောက်နေကြပြီ" ဟု အထက်ပါ ဘာသာရေးဆရာက ဆက်လက်ဆက်ပြောသည်။


ပျက်စီးနေသည့် ကားလမ်းကို ယခုအချိန်အထိ ပြုပြင်နိုင်ခြင်းမရှိပဲ ခက်ခဲစွာ သွားလာနေရသည့်အတွက် ကုန်စီးဆင်းမှုပါ ရပ်တန့်သွားသောကြောင့် အဘက်ဘက်မှ အခက်အခဲများစွာဖြင့် ကြုံတွေ့နေရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page