top of page

တစ်လကျော်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မံစီမြို့ကို KIAနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအလုံးစုံထိန်းချုပ်ရရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၈ရက်၊ဇန္နဝါရီလ၊၂၀၂၅။




တစ်လကျော် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မံစီမြို့ရှိ စစ်ကောင်စီ၏လက်ကျန်တပ်စခန်များအားလုံးကို ကချင်လွှတ်လပ်ရေးတပ်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဇန္နဝါရီ ၈ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


မံစီဒေသအတွင်း အခြေစိုက်နေရာယူထားသည့် စစ်ကောင်စီတပ် ခမရ(၃၁၉၊၆၀၁) နှင့် အမြောက်တပ်(၃၅၂)တို့ကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ပြီး၊ မံစီမြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။


မံစီမြို့ရှိလက်ကျန်တပ်စခန်း ၃ခု သိမ်းပိုက်ရရှိခြင်းနှင့် ပတ်သက်ပြီး KIOဘက်မှလည်း အတည်ပြု ပြောဆိုထားပြီး၊ မြို့စောင့်တပ် ၃ခုမှလွဲ၍ ကျန်တပ်စခန်းများကိုတော့ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ်တွင် အပြီးသတ်ထိန်းချုပ်ထားခဲ့ပြီးဖြစ်သည်။


ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၄ရက်နေ့မှစ၍ ဗန်းမော်၊မံစီဒေသကို KIAပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မံစီမြို့ကို ယနေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်ဒေသဘက်တွင် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်းနှင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကိုလည်း ဆက်လက်ရှင်းလင်းနေကြောင်း သိရသည်။


ထို့အပြင် KIAအမှတ်(၉)တပ်မဟာဒေသ ဆယ်ဇင်းတွင်လည်း KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။


သတင်း - ဒွဲ


Comments


Pajau Media

Thanks for subscribing!

bottom of page