top of page

တနိုင်းဒေသရှိ ရွှေလုပ်ကွက်ကျင်းတစ်ခုအတွင်းသို့ ကားတစ်စီးလမ်းမှားမောင်းနှင် မိသော ကြောင့် လူ(၃)ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Jan 7, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၇ရက်၊ဇန္နဝါရီ၊၂၀၂၅။



တနိုင်းမြို့၊ ဟူးကောင့်ဒေသရှိ ဂျာငိုင်ရွှေမှော်တွင် ဇန္နဝါရီ (၅)ရက်နေ့ ည ၁၀နာရီအချိန်ခန့်တွင် Toyota Vigo ကားတစ်စီးမှာ ရွှေတူးဖော်ထားသည့် ကျင်းအတွင်းသို့ လမ်းမှားမောင်းနှင်ခဲ့မိသဖြင့် လူ(၃)ဦး အသက်သေဆုံးခဲ့ကြောင်း သိရသည်။


Toyota Vigo ကားတွင် လူ(၅)ဦး လိုက်ပါစီးနှင်းခဲ့ပြီး၊ ဝေလောရွှေမှော်မှ စန်လွန်ရွှေမှော်သို့ ပြန်လာစဉ် လမ်းမှားကာ ဂျာငိုင်ရွှေမှော်ရှိ လောပန်းလှမင်းထက်၏ ရွှေတူးဖော်နေဆဲဖြစ်သည့် ရွှေလုပ်ကွက်ကျင်းအတွင်းသို့မောင်းနှင်မိခဲ့ခြင်း ဖြစ်သည်။


ကားအတွင်း လိုက်ပါစီးနှင်းသူများအထဲမှ အသက်(၁၈)နှစ်အရွယ် မဂျာဆိုင်းမိုင်၊ အသက်(၄၀)အရွယ် ဦးမရစ်နော်လောန်နှင့် အသက်(၃၆)နှစ်အရွယ် ဦးဖောင်ဂျဲလောဒ်အောင်တို့ အသက်သေဆုံးခဲ့ရပြီး၊ ဒေါ်တိန်ဘာဂျာဆိုင်းဘူးနှင့် ဆရာမကွမ်နာဘောက်ထွယ် နှစ်ဦးသာအသက်ရှင်ကျန်ရစ်ခဲ့ကြောင်း တနိုင်းဒေသခံတစ်ဦးထံမှသိရသည်။




“အဲဒီနေရာက ရွှေမှော်ဖြစ်တော့ လမ်းတွေ ကြည့်မှားတတ်တယ်။ မနက်သွားတဲ့လမ်းနဲ့ ညသွားတဲ့လမ်းတောင် မတူဘူး။ လမ်းလွှဲတွေ အများကြီးလုပ်ထားတာ ရွှေကနေ့တိုင်းတူးနေကြတာဆိုတော့။ ညဆို ပိုဆိုးပြီပေါ့။ မှောင်ကမှောင်၊ မြူခိုးတွေနဲ့ဆိုတော့ လမ်းမတွေ့တော့တာ ဖြစ်မယ်။” ဟု တနိုင်းဒေသခံတစ်ဦးက ပြောသည်။


တနိုင်း၊ ဟူးကောင့်ဒေသအတွင်း လပူခရွှေမှော်၊ ဝေလောရွှေမှော်၊ စန်လွန်ရွှေမှော်၊ စသည့်ရွှေမှော်များမှာ နာမည်ကြီးသည့် ရွှေမှော်များဖြစ်ပြီး အဆိုပါရွှေမှော်များတွင် လမ်းသွားလမ်းလာအတွက် အထူးသတိပြုသွားလာရပြီး၊ ဆောင်းတွင်းမြူခိုးထူထပ်သည့်အပြင် ဆက်လက်တူးဖော်နေဆဲဖြစ်သည့် ရွှေလုပ်ကွက်ကျင်းများကြောင့် ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ရကြောင်းနှင့် ယခင်က ယခုကဲ့သို့ဖြစ်စဉ် မရှိခဲ့ဖူးသေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။


သတင်း - ဟူးကောင့်


Comments


Pajau Media

Thanks for subscribing!

bottom of page