top of page

တနိုင်း-ရှင်ဗွေယာန်လမ်းမပေါ်ရှိ လဂျားဘွမ်ရွာနှင့်တခက်ရွာများတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များ တပ်စွဲနေရာယူထား

  • Writer: Pajau Media
    Pajau Media
  • Apr 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဧပြီလ၊၂၀၂၅။



ကချင်ပြည်နယ်၊ တနိုင်း-ရှင်ဗွေယာန်လမ်းမပေါ်ရှိ လဂျားဘွမ်(Laja bum)ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ နေရာယူတပ်စွဲနေထိုင်နေပြီး၊ ကျေးရွာအတွင်း သေနတ်သံကြားလျှင် ကျေးရွာမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။


“ပြည်သူ့စစ်တွေက တစ်ရွာလုံးပဲ စစ်အင်အားက တစ်ရာနီးပါးလောက် ရှိမယ်။ ရွာထိပ်ရွာစွန် အကုန်လုံးမှာ နေရာယူထားတယ်။ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ အကုန်လုံးမှာ နေရာယူထားပြီး နေနေကြတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခြင်းများ မရှိသေးသော်လည်း၊ ကျေးရွာအတွင်း စစ်သားများ နေရာယူတပ်စွဲနေထိုင်လာသောကြောင့် သွားလာရေးအပြင် လုံခြုံရေးအတွက် စိုးရိမ်နေကြရပြီး၊ တိုက်ပွဲဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြရသည်ဟု ဆိုသည်။


လဂျားဘွမ်ကျေးရွာအတွင်း ပြည်သူ့စစ်များ ဝင်ရောက်နေရာယူ တပ်စွဲလာသည်မှာ မတ်လကုန်ပိုင်းလောက် တကည်းကဖြစ်ပြီး၊ လဂျားဘွမ်ကျေးရွာအကျော် တခက်(Dahkyet)ကျေးရွာတွင်လည်း အလားတူ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်အင်အားအလုံးအရင်းဖြင့် နေရာယူတပ်စွဲနေထိုင်ကြောင်း ထပ်မံသိရသည်။


“လဂျားဘွမ်ရွာဆိုတာက ရှင်ဗွေယာန်သွား လမ်းမပေါ်က ဟုတ်တယ်။ လဂျားဘွမ်ရွာက တရုန်ရွာမရောက်မီက ဟုတ်တယ်။ အဲဒီတရုန်ရွာ ကျော်ပြီး အရင်ရောက်တဲ့ရွာ တခက်ရွာမှာလည်း ပြည်သူ့စစ်တွေက နေရာယူထားပြီ။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။


အဆိုပါ တခက်ကျေးရွာတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့များက ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် သင်္ချိုင်းကုန်းနေရာများအထိ လုံခြုံရေးယူထားကြောင်း သိရသည်။


စစ်ကောင်စီတပ်ဖွဲ့မှာ ဧပြီ (၂)ရက်နေ့မှ (၂၂) ရက်နေ့ထိ ယာယီ အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန်ထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ်တွင် ယနေ့အချိန်အထိ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်နေသည့်အပြင်စစ်ကြောင်းထိုး လှုပ်ရှားခြင်းများ နေ့စဉ်ပြုလုပ်နေဆဲဖြစ်သည်။


သတင်း - 97


Comments


Pajau Media

Thanks for subscribing!

bottom of page