တနိုင်း-လီဒိုလမ်းတစ်လျှောက်နှင့် ဖားကန့်စစ်ရှောင်များ၏ နေအိမ်များရှိ တန်ဖိုးကြီးပစ္စည်းများ ခိုးခံနေရ
- Pajau Media

- Jul 14, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၄ရက်၊ဇူလိုင်လ၊၂၀၂၅။
တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည့် တနိုင်း-လီဒိုလမ်းမတစ်လျှောက်နှင့် ဖားကန့်ဒေသမှ ပြည်သူအများအပြား၏ နေအိမ်များတွင် တန်ဖိုးကြီးပစ္စည်းအပါအဝင် အိမ်တွင်းပစ္စည်းများ သူခိုးခိုးခံနေရသည်ဟု ဒေသခံအချို့က ပြောသည်။
သူခိုးခိုးခံနေရသည့် ပစ္စည်းများတွင် ကား၊ဆိုင်ကယ်များ အပါအဝင် တန်ဖိုးကြီးပစ္စည်းများနှင့် အိမ်တွင်းပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
စစ်ရှောင်များမှာ တိုက်ပွဲဖြစ်ပွားလာချိန် မိမိနိုင်နင်းသည့် ပစ္စည်းအနည်းငယ်ကိုသာ ယူသွားနိုင်သောကြောင့် ပစ္စည်းအများစုမှာ နေအိမ်အတွင်းသာ သော့ခတ်သိမ်းဆည်းခဲ့ရသည်ဟု ဆိုသည်။
သို့သော် ရက်အချိန်ကြာထွက်ပြေးတိမ်းရှောင်နေချိန် နေအိမ်အတွင်းမှ ပစ္စည်းများ သူခိုးခိုးခံရပြီး၊ တန်ဖိုးကြီးပစ္စည်းများပါ ခိုးခံနေရကြောင်း သိရသည်။ ထို့အပြင် နှစ်ဖက်စစ်တပ်၏ စစ်ရေးမှာ ဆက်လက်တင်းမာနေဆဲဖြစ်သည့်အပြင် အချို့ကျေးရွာများမှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် တပ်စွဲနေရာယူထားသောကြောင့် နေရပ်ရင်းသို့ပြန်လည်အခြေချ နေထိုင်ရန်လည်း စိုးရိမ်နေရဆဲ ဖြစ်သည်ဟု ဆိုသည်။
အထူးသဖြင့် ဖားကန့်ဒေသတွင် ခိုးဆိုးလုယက်မှုများ ဝေဝေဆာဆာ ဖြစ်ပွားနေချိန် သေနတ်ဖြင့်ပစ်သတ်ခံရမှုများ၊ လူပျေက်ဆုံးမှုများနှင့် စစ်ရေးမှာလည်း တင်းမာနေပြီး နေ့စဉ်လေကြောင်းပစ်ခတ်မှု၊ ဒရုန်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
အဆိုပါဒေသများတွင် တောတောင်နေရာများသို့ ကိုယ်ထူကိုယ်ထထွက်ပြေးတိမ်းရှောင်နေကြသူများ၊ ဆွေမျိုးရင်းခြာနေအိမ်များတွင် တိမ်းရှောင်နေသည့် ပြည်သူပေါင်း(၂၀၀၀)ကျော် ရှိနေဆဲ ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။
သတင်း - ထုဆိုင်း










Comments