top of page

တနိုင်း-လီဒိုလမ်းမပေါ်ရှိ ကားမိုင်းဒေတွင် စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့များနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Mar 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၅ရက်၊မတ်လ၊၂၀၂၅။




ကချင်ပြည်နယ်၊ တနိုင်းလီဒိုလမ်းမပေါ်ရှိ ကားမိုင်းဒေသ လဝါးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များနှင့် KIAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး၊ စစ်ကောင်စီတပ်က ကားမိုင်းဗျူဟာကုန်းနှင့် မရန်ကထောင်ကျေးရွာဘက်တွင် စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့များမှာ လဝါးကျေးရွာဘက်တွင် ရှေ့အပတ်ကစပြီး စစ်ကြောင်းထိုးကာ စတင်ဝင်ရောက်တိုက်ခိုက်လာခဲ့ရာ လက်ရှိအချိန်ထိ KIAနှင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနေသဖြင့် ဒေသခံများမှာ ဘေးလွှတ်ရာ နီးစပ်သည့်တောတောင်နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေထိုင်ကြရကြောင်း ထပ်မံသိရသည်။


“ဒီ လဝါဘက်ကိုတော့ စစ်ကောင်စီတွေနဲ့ မင်းဇေသန့်ရဲ့လူတွေ စစ်ကြောင်းထိုးပြီး လာတိုက်တာ ခုချိန်ထိဘဲ။ တိုက်ပွဲက ဆက်လက်တင်းမာနေလို့ ရွာကသူတွေ တောတောင်ဘက် ထွက်ပြေးတိမ်း‌ရှောင်သွားကြပြီ” ဟု ထွက်ပြေးလာသည့် ‌ဒေသခံတစ်ဦးမှ ပြောပြသည်။


လက်ရှိ စစ်ကောင်စီတပ်များမှာ ကားမိုင်းဗျူဟာကုန်းတွင် စစ်အင်အားဖြည့်တင်းနေသည့်အပြင် မရန်ကထောင်ကျေးရွာအုပ်စုရှိ ဂိတ်ကိုလည်း ပိတ်ပင်ထားကာ စစ်ရေးလှုပ်ရှားနေသည်ဟု ဆိုသည်။


“ခုတလောကတော့ မရန်ရွာမှာရှိတဲ့ ဂိတ်ကိုပိတ်ထားတယ်။ ပြီးရင် ကားမိုင်းဗျူဟာကုန်းဘက်ကို စစ်ကောင်စီတွေ စစ်အင်အားဖြည့်တင်းနေပြီး စစ်ရေးလှုပ်ရှားနေကြတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။


ဒေသခံများ ပြောဆိုချက်အရ မတ်လ၂၂ရက်နေ့ ညနေ ၃နာရီခွဲချိန်မှစပြီး လဝါးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှလက်နက်ကြီးငယ် ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်နေရာယူလာခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါပူးပေါင်းတပ်များမှာ ဒွမ်ဘန် ခလရ (၂၉၇)၊ ဒွမ်ဘုန် ခလရ (၃၈၁,၂၈၂)၊ ရှဒူးဇွပ် ခလရ(၂၉၇)၊ ဝါရာဇွပ်မင်းဇေသန့်ပြည်သူ့စစ်၊ နမ္မတီးနှင့် မိုးကောင်း စကခ(၃) စသည့်ပူးပေါင်းတပ်ဖွဲ့များ ဖြစ်ကြောင်း သိရသည်။


လက်ရှိ စစ်ကောင်စီနှင့်လက်အောက်ခံတပ်ဖွဲ့များမှာ ကချင်ပြည်နယ်ရှိ ကျေးရွာဒေသ အများစုတွင် စစ်အင်အားဖြည့်တင်းနေကာ ဖားကန့်၊ ပူတာအိုနှင့် ဝိုင်းမော်ဘက်တွင် စစ်ကြောင်းထိုးနေဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page