တန်ဆာခများတိုးမြှင့်ကောက်ခံလာသောကြောင့် ကချင်ပြည်နယ်တွင်ကုန်ပစ္စည်းများ ဈေးတဖန်ပြန်လည်မြှင့်တက်လာ
- Pajau Media

- Apr 19, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၉ရက်၊ဧပြီလ၊၂၀၂၅။

မန္တလေးနှင့်စစ်ကိုင်းတိုင်းတို့တွင် ပြင်းထန်သည့်ငလျင် ဖြစ်ပွားပြီးနောက် မန္တလေးမှ မြစ်ကြီးနားသို့ ကုန်ပစ္စည်းသယ်ဆောင်သည့် တန်ဆာခမှာ အဆမတန်မြင့်တက်လာသောကြောင့် ကချင် ပြည်နယ်တွင် ကုန်ဈေးနှုန်းများ တစ်ဖန်မြင့်တက်လာနေသည်ဟု မြစ်ကြီးနားဒေသခံများ ပြောပြချက်အရ သိရသည်။
ငလျှင်မဖြစ်ပွားမီ မတ်လ၂၈ရက်အရှေ့ပိုင်းတွင် ပုံမှန်လေးသောင်းကျပ်သာ ပေးရသည့် ဂျက်ဖာတစ်ဖာနှင့်ဂုန်နီတစ်အိတ်မှာ ယခုအချိန်တွင်ခြောက်သောင်းခွဲထိ မြင့်တက်သွားပြီး၊ ပုံမှန်နှစ်သောင်းခွဲသာ ပေးရသည့် ကျန်ကျောင်းအိတ်တစ်အိတ်လည်း သုံးသောင်းခွဲထိ မြင့်တက်သွားသည်ဟု ဆိုသည်။
မန္တလေး-စစ်ကိုင်းတံတားအဟောင်းမှာ ပြင်းထန်သည့်ငလျှင်ကြောင့် ကျိုးကျပျက်စီးသွားခဲ့ရသလို တံတားအသစ်မှာလည်း ငလျှင်ကြောင့် ကွဲအက်သွားခဲ့ရသဖြင့် ကုန်စည်ကားများကို တံတားမှ ဖြတ်သန်းခွင့်ပိတ်ပင်ကာ ရေလမ်းကြောင်းမှ စက်လှေ၊ဇက်ဖြင့်သာ သယ်ယူပို့ဆောင်နေရသည်။
ထို့ကြောင့် ကုန်စည်သယ်ယူရန် တန်ဆာခမှာ ယခင်ထက် တစ်ဆနီးပါး မြင့်တက်သွားရခြင်းဖြစ်သည့်အပြင် ကုန်ဈေးနှုန်းများမှာလည်း ပုံမှန်ထက် ၅၀၀မှ၁၀၀၀အထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်ဟု ကားသမားများက ဆိုသည်။
တရုတ်နယ်စပ်ဂိတ်များပိတ်သိမ်းလိုက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် ကုန်စည်များ၊ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးဘက်မှ အဓိက သယ်ယူတင်သွင်းယူနေရသည်။
သတင်း - ထုဆိုင်း




Comments