တန်ဖရဲစစ်ကောင်စီဂိတ်တွင် အသက်၂၅ နှစ် မှ ၄၅ နှစ်အတွင်းရှိ ပြည်သူများကို ဖြတ်သန်းခွင့်မပြု
- Pajau Media

- Jul 28, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၈ရက်၊ဇူလိုင်၊၂၀၂၅။

မြစ်ကြီးနား-ပူတာအိုသွားလမ်းရှိ တန်ဖရဲကျေးရွာမှ စစ်ကောင်စီစခန်းဂိတ်တွင် အသက်၂၀ မှ ၄၅ နှစ်အတွင်းရှိ အမျိူးသားများအပြင် အမျိုးသမီးများပါမကျန် လူငယ်များအား ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ခရီးသွားများ ပြောပြချက်အရ သိရသည်။
“အသက် ၄၅ နှစ်အထက်ရှိ သူတွေကိုတော့ အကုန်သွားခိုင်းတယ်။ ၄၅ နှစ်အောက်ကသူတွေကိုတော့ မသွားခိုင်းဘူး။ တစ်ခြားကုန်ပစ္စည်းတွေကိုတော့ အကုန်သွားခိုင်းပါတယ်။ သက်ကြီးရွယ်အိုတွေကိုလည်း အကုန်သွားခိုင်းတယ်။ ၂၅ နှစ်နဲ့ ၄၅ ကြားက လူတွေကိုပဲ မသွားခိုင်းတာ။” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
တန်ဖရဲစစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၁ ရက်နေ့မှစပြီး မှတ်ပုံတင်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ပူတာအို၊ဆွမ်ပရာဘွမ်၊အင်ဂျန်းယန် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ဖြတ်သန်းခွင့် ပြုခဲ့ကာ၊ ပြီးခဲ့သည့် အပတ်မှာတော့ အသက် ၄၅ နှစ်အထက်ကိုသာ ဖြတ်သန်းခွင့်ပေးခဲ့သည်ဟု ဆိုသည်။
ခရီးသွားပြည်သူတစ်ဦးက “သူတို့က KIAတွေ တပ်သားစုဆောင်းရေး လုပ်မှာကို စိုးရိမ်လို့ အသက်အရွယ်ရသူတွေနဲ့ လူငယ်တွေကို မဖြတ်ခိုင်းတဲ့သဘောရှိတယ်။ တစ်ချို့က တန်ဖရဲဂိတ်မှာ မဖြတ်ခိုင်းပဲ ပြန်လှည့်ပြန်သွားကြတာလည်း ရှိတယ်။ ကလေးငယ်တင်လာတဲ့ အသက် ၅၀ ကျော် ဖခင်တစ်ယောက်ဆိုရင် ဂိတ်မှာ စစ်သားတွေက ကလေးကိုထားခဲ့ပြီး တစ်ယောက်ထဲဖြတ်ခိုင်းတယ်။ သူက ပြန်လှည့်ပြန်သွားပြီး၊ အိမ်မှာကလေးကိုထားခဲ့ပြီးမှ ပြန်သွားလိုက်တာ။” ဟု ပြောသည်။
ထို့ကြောင့် တန်ဖရဲစစ်ဆေးရေးဂိတ်တွင် အသက်အရွယ်ရသူများနှင့် လူငယ်များ သွားလာရေးအလွန်ခက်ခဲနေပြီး၊ ဘက်ဟိုး သုံးပစ္စည်းများလည်း မဖြတ်ခိုင်းဘဲ လောပန်းခေါ်ကာ ပိုက်ဆံကောက်သည်ဟု ဆိုသည်။
သတင်း - ထုဆိုင်း




Comments