top of page

တပ်သားသစ် စုဆောင်းရေး သတင်းအခြေ အနေများကြောင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းသွား ခရီးသည်များ အခက်ကြုံ

  • Writer: Pajau Media
    Pajau Media
  • Feb 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း တော်လှန် ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ တပ် သားသစ် စုဆောင်းမှုသတင်း အခြေအနေများကြောင့် ခရီးသွား ပြည်သူများ လွတ်လပ်စွာ သွားလာရေးအတွက် စိုးရိမ်နေကြရသည်ဟု ပြောသည်။


မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုသွားကားလမ်း တစ်ကြောရှိ တော်လှန်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီ စစ်ဆေးဂိတ်များတွင် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စ၍ ခရီးသည်တင်ကားများကို မေးမြန်းစစ်ဆေးပြီး တင်ဆောင်လာသည့် လူငယ်အချို့ကို ခေါ်ယူထိန်းသိမ်းထားမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


ယမန်နေ့တွင် မြစ်ကြီးနားမှ ပူတာအိုသို့ တက်လာသည့် ခရီးသည် မော်တော်ယာဉ် တစ်စီးအား ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့စုပေါင်းစစ်ဆေးဂိတ်တွင် ခရီးသည်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်ပြီး ခရီးသည်လူငယ်နှစ်ဦးအား ခေါ်ယူထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။


"သူတို့နှစ်ယောက်ထဲက တစ်ယောက်က ဂိတ်နားမှာ ဖုန်းပြောနေတာကို ဂိတ်စောင့်က ဖုန်းမပြောဖို့တားတယ်၊ အဲ့ဒါကို ချက်ခြင်းဖုန်းမချဘဲနဲ့ ဆက်ပြောနေလို့ မေးစရာရှိကြောင်းပြောပြီး သူတို့နှစ်ယောက်ကို ထိန်းသိမ်းထားတယ်၊ ပူတာအိုဘက်က လူငယ်လေးတွေလို့ ယူဆရတယ်" ဟု ယင်းခရီးသည်တင်ကားတွင် ပါလာသူ ခရီးသည်တစ်ဦးက ပြောသည်။


ထို့အပြင် ပူတာအိုခရိုင်၊ ဆွမ်ပီယန်ကျေးရွာအထွက် အင်ဆီးယန်ကျေးရွာဘက်သွားသည့် နေရာတွင် စစ်ကောင်စီတပ်မှ ဂိတ်စခန်းထိုင်ပြီး စစ်ဆေးရေးများ တင်းကျပ်စွာ ပြုလုပ်နေကြကြောင်း သိရသည်။


ယင်းဂိတ်စခန်းတွင် ဖြတ်သန်းသွားလာသည့် ခရီးသည်များကို စစ်ဆေးမေးမြန်းခြင်းအပြင် မိမိသွားရောက်မည့် နေရာနှင့် မည်သည့်ပစ္စည်းများ တင်ဆောင်လာသည်ကို စစ်ဆေးခြင်းနှင့် မှတ်ပုံတင် စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။


ယခုလအတွင်း စကစ၏ နိုင်ငံသားတိုင်း ပြည်သူ့စစ်မှုမထမ်းမနေရ ဉပဒေထုတ်ပြန်ထားခြင်းအပြင်၊ ‌ပူတာအိုဌာ‌နေပြည်သူ့စစ်အဖွဲ့များ၏ ပြည်သူများအား ဌာ‌နေပြည်သူများ စစ်မှုထမ်း‌ရန် စည်းရုံးရေးများပြုလုပ်ခြင်း၊ ဒူးလေးပါတီ ခေါင်းဆောင်ဦးရွှေမင်းအဖွဲ့မှ လီဆူလူငယ်များအား တပ်သားသစ်စုဆောင်းသည့် သတင်းများ ပြန့်နှံ့နေသည်ဖြစ်၍ ပူတာအိုဒေသခံ ပြည်သူများ စိုးရိမ်ပူပန်နေကြရသည့်အပြင်၊ သွားလာရေး အခက်ကြုံတွေ့‌ေနကြရကြောင်း ဒေသခံများ ပြောကြားလာသည်။


သတင်း- မလိခူး




Comments


Pajau Media

Thanks for subscribing!

bottom of page